လာအိုနှင့် ဗီယက်နမ် နှစ်နိုင်ငံဆက် ရထားလမ်း ဖောက်လုပ်မည်

ဗီယင်ကျန်း ဖေဖော်ဝါရီ ၂၆

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းနှင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဟာသင်းပြည်နယ် Vung Ang ဆိပ်ကမ်းတို့ကို ချိတ်ဆက်သော ရထားလမ်းတည်ဆောက်ရေးအတွက် ငွေကြေးရှာဖွေရန် နှစ်နိုင်ငံ အစိုးရတို့က ကတိပြုခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများသည် ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ Vientiane-Vung Ang ရထားလမ်းအဖြစ် လူသိများသော ပရောဂျက်အပေါ် နားလည်သဘောပေါက်ရန်အတွက် အတူတကွ လုပ်ဆောင်ရန် ကတိပြုခဲ့ကြကြောင်း ဒေသခံ ဗီယင်ကျန်းတိုင်းမ် နေ့စဉ် သတင်းစာက ဖေဖော်ဝါရီ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ရထားလမ်းသည် ၅၅၅ ကီလိုမီတာ ရှည်လျားပြီး လာအိုနိုင်ငံတွင် ၄၅၂ ကီလိုမီတာနှင့် ဗီယက်နမ်နိုင်ငံ၌ ၁၀၃ ကီလိုမီတာ ရှိကြောင်း သိရသည်။အဆိုပါ ရထားလမ်းအတွက် ငွေကြေးအား နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍများ၊ တရားဝင်ဖွံ့ဖြိုးရေး အကူအညီမှတစ်ဆင့် အတိုးနှုန်းနည်းချေးငွေ၊ အခြားသော ဖြစ်နိုင်ခြေအရင်းအမြစ်များမှ ရှာဖွေနိုင်ကြောင်း သဘောတူညီချက်အရ သိရသည်။

ထို ရထားလမ်းသည် လာအိုကို ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်တွင်းချိတ်ဆက်မှုရှိသောနိုင်ငံအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်ထားသည်။ ယင်းအပြင် Vung Ang ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်း ရရှိရန် အစိုးရ၏ အားထုတ်မှုများကို ကြီးမားသောမြှင့်တင်မှုတစ်ရပ်ဖြစ်လာရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ သဘောတူလက်မှတ်ရေးထိုးခြင်းသည် ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် လာအိုနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ငုယင်ဖူထရုန် (Nguyen Phu Trong) ၏ ခရီးစဉ်၏ ရလဒ်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Bangkok Post

Leave a Reply