ဆေးရုံများတွင် အခမဲ့ ရနိုင်သော ဝန်ဆောင်မှုများ ဗီနိုင်းချိတ်ဆွဲ ဖော်ပြပေးမည်

23

မော်လမြိုင် ဖေဖော်ဝါရီ

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင် ပြည်နယ်ပြည်သူ့ဆေးရုံကြီး အပါအဝင်
အခြားမြို့နယ် ဆေးရုံများတွင် အခမဲ့ရရှိနိုင်သော ဝန်ဆောင်မှုလုပ်ငန်းများကို
ပွင့်လင်းမြင်သာစေရန် ဗီနီုင်းများဖြင့် ချိတ်ဆွဲထားရန် စီစဉ်မည်ဖြစ်ကြောင်း
မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ဖေဖော်ဝါရီ ၂၂ ရက်၌
ပြောကြားသည်။

ဆေးရုံအတွင်းတွင် ပွဲစားများမှ ပြည်သူများအပေါ် အမြတ်ထုတ်မှု၊ ကြားဝင်နေမှုများကို ရှင်းလင်းရန်နှင့် တိတိကျကျ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဆေးရုံအုပ်များကို ညွှန်ကြားထားကြောင်း ဝန်ကြီးက ပြောသည်။

“ဆေးရုံမှာ ပိုက်ဆံပေးစရာမလိုဘူးဆိုပြီးတော့ ဌာနတိုင်းကို စာတွေ
ပို့ထားပါတယ်။ ကြားထဲမှာ ပွဲစားတွေကရှိနေတယ်။ တချို့လူနာတွေက မသိ
ကြဘူး၊ ပွဲစားတွေကနေတစ်ဆင့် မသိဘဲ ပိုက်ဆံပေးလိုက်တာတွေရှိတယ်၊
ဆေးရုံအုပ်တွေကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ ပြောထားတယ်”ဟု ၎င်းက
ပြောသည်။

ဆေးရုံတိုင်းတွင် ပြည်သူများ အခမဲ့ရရှိနိုင်သော ဝန်ဆောင်မှုများကို ဗီနိုင်းများဖြင့် မြင်သာသည့်နေရာတွင် ချိတ်ဆွဲကြရန် ရေးသားဖော်ပြထားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဆိုရှယ်မီဒီယာများတွင် ဆေးရုံနှင့် ပတ်သက်သည့် အခမဲ့ဝန်ဆောင်မှု
များကို ထုတ်ပြန်ကြေညာစေလိုကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ ၊
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောကြားသည်။

“ဆေးရုံတိုင်း ပြည်သူတွေကို ဝန်ဆောင်မှုပေးတဲ့အပိုင်းတွေမှာ မြင်သာ
အောင် ဖော်ပြပေးစေချင်တယ်၊ နောက်ပြီး ဆိုရှယ်မီဒီယာမှာလည်း ဖော်ပြပေး
ဖို့ပေါ့၊ ရေခဲတိုက်မှာလည်း အလောင်းတွေ ထုတ်ယူတဲ့နေရာမှာ ပိုက်ဆံပေးစရာ
မလိုဘူးဆိုပြီး ထုတ်ပြန်စေချင်တာပေါ့”ဟု ၎င်းင်းက ပြောသည်။

အခမဲ့ဝန်ဆောင်မှုပေးသော ဆေးများ၊ နေရာများကို တိတိကျကျဖော်ပြ
ထားပြီး၊ အခမဲ့ မရရှိနိုင်သော ဆေးများ၊ နေရာများကိုလည်း သေသေချာချာ
ရေးသားဖော်ပြထားပါက ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း ဆက်လက်
ပြောသည်။

ပွင့်လင်းမြင်သာမှုရှိစွာ ချပြပါက ဒေသခံပြည်သူများ ဆေးရုံနှင့်
ပတ်သက်ပြီး မသိနားမလည်သောအချက်များ မည်သို့ ဆောင်ရွက်ရမည်ကို
သိရှိသွားပြီး၊ ကြားခံပွဲစားထံ ငွေပေးခြင်းများလည်း ပြုလုပ်တော့မည်မဟုတ်
ကြောင်း ဦးထွန်းမင်းအောင်က ပြောသည်။

အဆိုပါ ဗီနိုင်းများကို ချိတ်ဆွဲဖော်ပြထားသော်လည်း ငွေတောင်းခံခြင်း၊
ကြားခံပွဲစားများရှိနေပါက တိုင်ကြားနိုင်ရန်အတွက် သက်ဆိုင်ရာ ဆေးရုံအုပ်
သို့မဟုတ် ဝန်ကြီးဖုန်းနံပါတ်များကို ထည့်သွင်းပေးနိုင်ပါက ပိုကောင်းမည်
ဖြစ်ကြောင်း ၎င်းကအကြံပြုသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်