Advertisements
မွန်ပြည်နယ်တွင် လောင်းကစား၊ တရားမဝင် အရက် ဘီယာများကို စီမံချက်ဖြင့် အရေးယူ ဆောင်ရွက်မည်
မော်လမြိုင် ဖေဖော်ဝါရီ
မွန်ပြည်နယ်အတွင်း လောင်းကစားအပါအဝင် တရားမဝင်ရောင်းချနေသော အရက်၊ ဘီယာ နှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေးယူမည့် စီမံချက်ကို တွန်းအားပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ဖေဖော်ဝါရီ ၂၅ရက်တွင် ပြောသည်။
မွန်ပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က လောင်းကစား၊ တရားမဝင်ရောင်းချနေသော အရက် ဘီယာများနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးကိစ္စများအား တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် လင်းယုန်စီမံချက်ကဲ့သို့ စီမံချက်ချမှတ်ကာ လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ မရှိ နှင့် စတင်အကောင်အထည်ဖော်မည့် ကာလ မေးမြန်းခြင်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိမှာ စီမံချက်က ရှိပြီးသားပဲ၊ ရှိပြီးသား စီမံချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အားမရတဲ့အပိုင်းတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမယ့် စီမံချက်ကို လည်ပတ်နေတဲ့ အရှိန်အဟုန်ကို မြှင့်ပြီးတော့ ဆောင်ရွက်သွားလို့ရပါတယ်” ဟု ၎င်းက ပြောသည်။
Advertisements
အဆိုပါ စီမံချက်နှင့် ပတ်သက်ပြီး ပြည်သူလူထုကို ချပြပါက လုံခြုံရေးအရသော်လည်းကောင်း၊ ဖမ်းဆီးရာတွင်လည်းကောင်းသတင်းပေါက်ကြားသွားနိုင်မည်ဖြစ်ကြောင်း၊သတင်းဌာနများဘက်ကလည်း ဖမ်းဆီး အရေးယူမှုများကို သတင်းတင်လိုက်သောကြောင့် ဆက်စပ်ရောင်းချနေသော အရင်းအမြစ်များကို ရရှိနိုင်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ထပ်မံပြောသည်။
မွန်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များက နယ်မြေအတွင်း မှုခင်းကျဆင်းရေးစီမံချက်၊ မှုခင်းကြိုတင် ကာကွယ်ရေးစီမံချက်အနေဖြင့် လောင်းကစားများ ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရေးစီမံချက်များကို လက်ရှိတွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံပြောသည်။
တရားမဝင်ရောင်းချနေသော အရက်၊ ဘီယာဆိုင်ရာများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ပြည်တွင်းအခွန်တို့ပါဝင်သော တရားမဝင်ယစ်မျိုး ဖမ်းဆီးအရေးယူဆောင်ရွက်ရေးအဖွဲ့မှ ခွင့်ပြုချက်မရှိသော လိုင်စင်စည်းကမ်းနှင့် မညီညွတ်သည့် ယစ်မျိုးပြုလုပ်ရောင်းချနေခြင်းတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက်ပြောသည်။
၂ဝ၁၇ခုနှစ်တွင် လောင်းကစားမှု ၁၄၄မှု၊ မူးယစ်ဆေးဝါးမှု ၁၇ဝ နှင့် ယစ်မျိုးမှု ၁၆၇ မှုတို့ကို အရေးယူဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ခုနှစ်တွင် လောင်းကစားမှု ၁၇ဝ ၊ မူးယစ်ဆေးဝါး ၄၇၄ မှု၊ ယစ်မျိုးမှု ၁၇၇ မှု တို့ကိုအရေးယူ ဆောင်ရွက်ခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီ ၁ရက်မှ ၂၁ ရက်ထိ လောင်းကစားမှု ၂၃ မှု၊ မူးယစ်ဆေးဝါး ၅၂မှု နှင့် ယစ်မျိုး ၁၅မှုတို့ကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်
Advertisements
Leave a Reply