မိုးလုံလေလုံ အားကစားရုံသစ် စတင်တည်ဆောက်

29

ချောင်းဆုံ ဖေဖော်ဝါရီ

ချောင်းဆုံမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ မြို့နယ်ဘောလုံးကွင်း ဝင်းအတွင်းတွင် မိုးလုံလေလုံ အားကစားရုံ စတင်ဆောက်လုပ်နေပြီဖြစ်သည်။

၂၀၁၈-၂၀၁၉ ပြည်နယ်ခွင့်ပြု ဘတ်ဂျက် ကျပ် သိန်း ၂၇၀၀ အသုံးပြုတည်ဆေက်ခြင်းဖြစ်ပြီး အဆောက်အဦမှာ ပေ ၉၀ × ပေ ၁၂၀ အကျယ်အဝန်း၊ အာစီ ၊ အေအဆင့် ဖြစ်ကြောင်း သိရသည်။

အဆောက်အဦ ပန္နက်တင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် ၊ ဌာနဆိုင်ရာများ ၊ တာဝန်ယူ ဆောက်လုပ်မည့် ကောင်း မြတ်အောင်ကျော်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

“ချောင်းဆုံမြို့နယ်မှာအားကစားရုံကောင်းကောင်းမရှိဘူး ၊ အားကစားရုံရှိလာရင်အားကစားကဏ္ဍဖွံ့ဖြိုးတိုး တက်လာမယ် ၊ လူငယ်တွေကအားကစားကိုစိတ်ဝင်စားလာမယ်ဆိုရင် မူးယစ်ဆေးဝါးသုံးစွဲမှုတွေလည်းပပျောက်လာ မယ်ဆိုပြီးရည်ရွယ်ချက်တွေနဲ့ အားကစားရုံဆောက်လုပ်ရခြင်းဖြစ်တယ်”ဟု ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် ၂ မှ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြက ပြောကြားသည်။

အဆိုပါအားကစားရုံဆောက်လုပ်ခြင်းလုပ်ငန်းကို စက်တင်ဘာလကုန်ပိုင်း တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောင်းမြတ်အောင်ကျော်ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်မီမီကျော်ဝင်းက ပြောသည်။

“အဆောက်အဦထဲမှာပွဲကြည့်စင် နှစ်ဖက်နှစ်ချက်ပါမယ် ၊ လျှာထိုးကြမ်းခင်းခြင်းလုပ်ငန်း ၊ အိမ်သာ ၊ ရေလှောင် ကန်နဲ့မီးတပ်ဆင်ခြင်းလုပ်ငန်းတွေလည်းအပြည့်အစုံပါတယ်”ဟု ဟု ၎င်းက ဆက်လက်ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ယခင်က အဆင့်မြင့်အားကစားရုံများမရှိခဲ့သေးဘဲ ယခုမိုးလုံလေလုံ အားကစားရုံမှာ ပထမဆုံးလည်းဖြစ်ကြောင်း ဒေသခံများက တစ်ညီတစ်ညွတ်တည်း ပြောဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply