Advertisements

ယခုနှစ်ပဲပေါ်ချိန် မတ်ပဲ နှင့်ပဲတီရွှေဝါ ယခင်နှစ်ထက် ဈေးကောင်းရ

ချောင်းဆုံ ဖေဖေဝါရီ

ဆောင်းသီးနှံအဖြစ် ပဲမျိုးစုံစိုက်ပျိုးထားသော ချောင်းဆုံမြို့နယ်ခံ လယ်သမားများမှာ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက စတင်ရိတ်သိမ်းနေကြပြီး ယခုနှစ်ပဲပေါ်ချိန်တွင် မတ်ပဲနှင့် ပဲတီရွှေဝါပေါက်ဈေးများမှာ ယခင်နှစ ပေါက်ဈေးထက် တစ်တင်းလျှင် ကျပ် ၅၀၀၀ နှုန်းဝန်းကျင် ဈေး ပိုမို ရရှိနေကြောင်းသိရသည်။

“ဒီကလယ်သမားတွေက ဆောင်းသီးနှံအနေနဲ့ မတ်ပဲ ၊ ပဲတီရွှေဝါ ၊ ပဲလွန်းဖြူ ၊ ပဲတီစိမ်းတွေကိုစိုက်ပျိုးတဲ့အပြင် ဆီထွက်သီးနှံအနေနဲ့ နေကြာနဲ့ မြေပဲတွေကိုလည်းစိုက်ပျိုးကြတယ် ၊ယခုနှစ်ပဲပေါ်ချိန်မှာ ပဲလွန်းဖြူနဲ့ ပဲတီစိမ်း ဈေးနှုန်းကမနှစ်က နဲ့မကွာပေမဲ့ မတ်ပဲနဲ့ပဲတီရွှေဝါက အထိုက်အလျောက်ဈေးကောင်းရလာတယ်”ဟု ကော့မုပွန် ကွင်းမှ လယ်သမား ဦးစိုးသိန်းက ပြောသည်။

ယခင်နှစ်က ပဲပေါ်ချိန်တွင်မတ်ပဲတစ်တင်းလျှင် ၁၆၀၀၀ ကျပ် အမြင့်ဆုံး ရရှိခဲ့ပြီး ယခုနှစ်ပဲပေါ်ချိန်တွင်မူ ကျပ် ၂၁၀၀၀ ထိလည်းကောင်း၊ ယခင်နှစ်က ပဲတီရွှေဝါတစ်တင်းလျှင် ကျပ် ၃၀၀၀၀ အမြင့်ဆုံး ရရှိခဲ့ရာမှ ယခုနှစ်တွင်မူ ကျပ် ၃၆၀၀၀ ထိ လည်းကောင်း ရရှိခဲ့ကြောင်း ဒေါင်းရပ်အရှေ့ကွင်းမှ လယ်သမား ဦးမြင့်ကျော်ကလည်း ပြောသည်။

Advertisements

ပဲရိတ်သိမ်းရာတွင် နေ့စား လုပ်သားခတစ်ဦးလျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ကျပ်ထိပေးချေနေရပြီး တစ်ဧက ရိတ်သိမ်းခ အနည်းဆုံး ကုန်ကျစရိတ် ကျပ်တစ်သိန်းဝန်းကျင် ရှိကြောင်း၊ ပဲအထွက်နှုန်းမှာ တစ်ဧက ၈ တင်း ၁၀ တင်း မှ တင်း ၂၀ ကျော်ထိ ထွက်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

“ပဲတီရွှေဝါကတရုတ်ဝယ်လိုအားရှိတဲ့အတွက်ဈေးကောင်းလာတယ်ပိုပြီးစိုက်ပျိုးသင့်တယ်။ မတ်ပဲကအိန္ဒိယ ဈေးကွက်ကို အားကိုးနေရတဲ့အတွက်အိန္ဒိယရဲ့ပဲဝယ်လိုအားပေါ်မူတည်ပြီးဈေးအတက်အကျရှိနိုင်တယ် ။ ပြည်တွင်းမှာတော့ ပဲဟောင်းလက်ကျန်ကကုန်သလောက်ဖြစ်သွားပြီ ။ မတ်ပဲတစ်တင်း ကျပ်၂၀၀၀၀ ဈေး လောက်ကလယ်သမားတွေစရိတ်စကနဲ့ဆိုရင်တွက်ချေကိုက်မှာမဟုတ်ဘူး ။ တစ်ချို့လယ်သမားတွေက မတ်ပဲတစ်တင်းကို ကျပ် ၃၀၀၀၀ ကျော်ရမယ်ဆိုပြီးမှန်းချက်နဲ့စိုက်ခဲ့ကြတဲ့အတွက်မှန်းချက်ကလွဲ နေသေး တယ်”ဟုမွန်ပြည်နယ်ပဲ နှင့်နှမ်းကုန်သည် များအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးဦးက မှတ်ချက်ပြုသည်။

တစ်မြို့နယ်လုံးတွင် ပဲစိုက်ဧက ၄၀၀၀ ကျော်ရှိပြီး ကော့မုပွန် ၊ ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ်အနောက် ၊ ကညှော်နှင့် ဘိုးနက်ကွင်းများတွင် ဆောင်းသီးနှံပဲမျိုးစုံအများဆုံး စိုက်ပျိုးကြောင်း၊ ဟင်္သာကျွန်း ၊ မရမ်း ၊ ကုလားတို့ ၊ ဒရယ် ကျေးရွာ တို့တွင်စမ်းသပ်စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements

Leave a Reply