Advertisements

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ပြီးနောက် တနင်္သာရီတိုင်းအစိုးရသို့ လမ်းညွှန်ချက် ၆၁ချက် ပြန်လည်ပေးပို့လာ

သမ္မတရုံး လမ်းညွှန်ချက်အရ တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ထားဝယ်မြို့တွင် ပြန်လည်ရှင်းလင်းနေစဉ် ။

ထားဝယ် ၊ မတ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ တတိယပတ်က လာရောက်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းရန် လမ်းညွှန်ချက် ၆၁ ချက်ကို နိုင်ငံတော်သမ္မတရုံးက ပေးပို့လာခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

သမ္မတရုံးမှ ဖေဖေါ်ဝါရီ ၂၀ရက်တွင် ပေးပို့ လာသော လမ်းညွှန်ချက်များကို ဖေဖေါ်ဝါရီ ၂၅ရက်တွင်လက်ခံရရှိခဲ့ကြောင်း၊ ပြန်လည်ရှင်းလင်းရန်အတွက် ကွင်းဆင်းအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဦးမိုးဇော်လတ်ကပြောကြားသည်။

ညွှန်ကြားစာတွင် ပါဝင်သည့် အချက်အလက်များနှင့် စပ်လျဉ်း၍ “ထားဝယ်နဲ့ ပတ်သက်ပြီး ၁၄ချက်”ဟု တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဆိုသည်။

Advertisements

ထားဝယ်အတွက် ၁၄ချက်ပြီးလျှင် ကျန်လမ်းညွှန်ချက် များမှာ မြိတ်နှင့်ကော့သောင်းတို့အတွက် ဖြစ်ကြောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးထံမှ သိရသည်။

လမ်းညွှန်ချက် ၆၁ချက်တွင် သုံးချက်မှာ အစိုးရအဖွဲ့ လိုက် နာဆောင်ရွက်ရန်၊ချပြရှင်းလင်းရန်၊ စီမံချက်များရေးဆွဲ ပြီးဆောင်ရွက်ရန် ညွှန်ကြားချက်ဖြစ်သဟု ဆို၏။

ယင်းလမ်းညွှန်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်က ဖေဖေါ်ဝါရီလ ၂၈ ရက်က နေ့တွင် ထားဝယ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့သူများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ မြိတ်မြို့တွင် တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဦးဖြိုးဝင်းထွန်းက လည်းကောင်း၊ ကော့သောင်းမြို့တွင် တိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦး မြင့်မောင်က လည်းကောင်း မတ်လ၂ရက်နှင့် ၃ရက်နေ့တို့တွင်ပြန်လည် ရှင်းပြရန်လျာထားကြောင်း တိုင်းအစိုးရအဖွဲ့ညွန်ကြားရေးမှူးထံမှ သိရသည်။

ယင်းသို့ ရှင်းလင်းမှု ပြီးစီးပါက ဓါတ်ပုံမှတ်တမ်းနှင့်အတူ နိုင်ငံတော်သမ္မတရုံးသို့ ပြန်လည်တင်ပြရမည်ဟုလည်း ၎င်းထံမှ သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၁၃ မှ ၁၅ရက်နေ့အထိ သွားရောက်ခဲ့သော တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အတွင်း တိုင်ကြားစာ လက်ခံရရှိမှုမှာ မြိတ်မြို့တွင် ၁၃၁စောင်၊ ကော့သောင်းတွင် ၇၀စောင်နှင့် ထားဝယ်တွင် ၇၃စောင် ၊ စုစုပေါင်း၂၇၄စောင်ကို တိုင်ကြားစာများ လာရောက် ပေးပို့ထားခဲ့ကြောင်း သိရသည်။ ယင်းခရီးစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး ဥက္ကဌ ဦးအောင်စိုး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊ တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့ကို ဖယ်ရှားပေးရန် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းအပြင် အဂတိလိုက်စားမှုရှိသည်ဟုဆိုကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးအရေးယူပေးရန် ထားဝယ်နှင့် မြိတ်ဒေသခံ၁၀၀ကျော်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLDပါတီဗဟို၊ NLDပါတီ(ဗဟို)ကိုယ်စားလှယ်များတိုင်ကြားစာဌာနတို့ထံ တိုင်ကြားထားသည်။ အလားတူ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးကလည်း ဒေသ ခံများ၏ တိုင်ကြားချက်များကို အထောက်အထားနှင့်တကွ ဇန်နဝါရီ ၂၈ရက်တွင် အဆိုပါပုဂ္ဂိုလ်များထံ အစီရင်ခံတင်ပြထားသည်ဟုလည်း သိရသည်။

တိုင်ကြားထားချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနက စုံစမ်းစစ်ဆေးလျက်ရှိပြီး အဖြေပေါ်လာလျှင် ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း တင်ပြမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်မြို့တော်ခန်းမတွင် ဒေသခံတို့တွေ့ဆုံစဉ် ကတိကဝတ်ပြုထားသည်။ “တနင်္သာရီကိုလာရတဲ့ အကြောင်းရင်းတစ်ခုကလည်း အစိုးရအဖွဲ့ ကို နည်းနည်းဆုံးမဖို့ဖြစ်တယ်”ဟု ၎င်းက မြိတ်မြို့တွင်ပြောဆိုခဲ့သည်။

တင့်လွင်

သတင်းဓါတ်ပုံ – တနင်္သာရီတိုင်းဒေသကြီအစိုးရအဖွဲ့

Advertisements

Leave a Reply