အိုးလုပ်ငန်းအသုံးပြုမြေ တရားဝင်တူးဖော်ရရှိရေး တွေ့ဆုံညှိနှိုင်းမည်

၁။ မြေအိုးလုပ်ငန်း လုပ်ကိုင်သူများသည် ရွှံ့မြေများကို ငါးကန်များ၊ ရေကန်များတူးဖော်မှုမှ ဝယ်ယူကြရပြီး မြေအိုးတစ်လုံးပြီးစီးဖို့ ငါးရက်ကြာမြင့်ပါသည်။

မော်လမြိုင် မတ် ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် နှင်းပုလဲရှိ တစ်နိုင်တစ်ပိုင် အိုးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အိုးလုပ်ငန်းအသုံးပြုနိုင်ရန် တရားဝင်မြေတူးဖော်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် အိုးလုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“အိုးလုပ်ငန်းရှင်အဖွဲ့ကလည်း အိုးလုပ်ငန်းအသုံးပြုဖို့အတွက် တရားဝင်မြေတူးယူခွင့် လျှောက်ထားရရှိရေးအတွက် နှင်းပုလဲကြာအင်းကို အင်းအဖြစ်မှ ပယ်ဖျက်ပေးခြင်း ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို အင်းအဖြစ်မှ ထုတ်နုတ်ပယ်ဖျက်ပြီး ကူညီပေးဖို့ တင်ပြလာတာလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။

အိုးလုပ်ငန်းလုပ်ကိုင်သူများအတွက် အိုးလုပ်ငန်းသုံးမြေ တူးဖော်မည့် အမှန်တကယ်လိုအပ်သည့် ဧရိယာအတိုင်းအတာအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်း လုပ်ဆောင်ပေးမည်ဟု ဝန်ကြီးက ပြောသည်။

လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့် မြေပမာဏ အင်းအစိတ်အပိုင်းကို မြေပုံရေးဆွဲကာ ငါးလုပ်ငန်းဦးစီးဌာနနှင့် အိုးလုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

အိုးလုပ်ငန်း လုပ်ကိုင်လိုသည့် အင်းကို ငါးလုပ်ငန်း ဦးစီးဌာနမှ နှစ်စဉ်လေလံပေးကာ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၇-၂၀၁၈ ခုနှစ်အထိ လေလံပေးဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း၌ ငါးလုပ်ငန်းဦးစီးဌာနမှ နှင်းပုလဲကြာအင်း(ကွင်းကလေးကြာအင်း)ကို လေလံပယ်ဖျက်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တစ်နိုင်တစ်ပိုင် အိုးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ရေးအတွက် အရေးပါသောကြောင့် မြေဧက ပယ်ဖျက်ထားရှိမှုနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုကို သိရှိလိုကြောင်း ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

“အိုးလုပ်ငန်းလုပ်ကိုင်သူတွေ ရေရှည်ရပ်တည်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဉ်လေလံပေးတဲ့ နှင်းပုလဲကြာအင်းကို လေလံပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်၊ သို့သော်လည်း တရားဝင်တူးဖော်ခွင့် ရရှိရေးအတွက် အင်းအဖြစ်မှ ပယ်ဖျက်ပေးစရာမလိုဘဲ လိုအပ်သည့် ပမာဏတစ်ခုကိုပဲ ပယ်ဖျက်ပေးဖို့လိုတာပါ”ဟု ၎င်းက ပြောသည်။

ဘီးလင်းမြို့နယ် နှင်းပုလဲရှိ နှင်းပုလဲကြာအင်းမြေကို အိုးလုပ်ငန်းသုံးမြေအဖြစ် တရားဝင်တူးဖော်ခွင့် ရရှိနိုင်ရေးအတွက် အင်းအဖြစ်မှ ပယ်ဖျက်ပေးရန် မလိုအပ်ဘဲ အိုးလုပ်ငန်းသုံး မြေတူးဖော်သည့် အမှန်တကယ် လိုအပ်သောပမာဏ အင်းအစိတ်အပိုင်းတစ်ခုကိုသာ ပယ်ဖျက်ပေးရန် လိုအပ်ကြောင်း ဆက်လက်ပြောသည်။

နှင်းပုလဲကျေးရွာတွင် အိုးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု (၆၅)စုသည် နှင်းပုလဲကြာအင်းမြေကို ဘိုးဘွားအစဉ်အဆက်ကတည်းက မိရိုးဖလာအိုးလုပ်ငန်း လုပ်ကိုင်ခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်ပြီး ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ နှင်းပုလဲကျေးရွာသို့ ၂ဝ၁၈ခုနှစ် ဇွန်လ ၂ရက်က ကွင်းဆင်းကြည့်ရှုကာ အိုးလုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply