လမ်းဘေးကျူးကျော်မှုများ ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်သွားမည်

မော်လမြိုင် မတ်

မွန်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း လမ်းဘေးကျူးကျော်မှု ရှင်းလင်းရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ကျန်ရှိနေသည့် အစိုးရသက်တမ်း နှစ်နှစ်အတွင်း ၆ဝရာခိုင်နှုန်းခန့် လုပ်ဆောင်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ဖေဖော်ဝါရီ ၂၈ရက်က ပြောကြားခဲ့သည်။

သတ်မှတ်ထားသော ပညာပေးကာလကုန်သွားပြီဖြစ်သောကြောင့် အရေးယူမှုအပိုင်းများကို ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ ပြည်နယ်အစိုးရအဖွဲ့မှ လမ်းဘေးကျူးကျော်မှုများကို မည်သည့် ရာခိုင်နှုန်းအထိ ရှင်းလင်းနိုင်မည်နည်းဟူသော မေးခွန်းကို ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကတော့ ကျန်ရှိနေတဲ့ သက်တမ်းအတွင်းမှာ ၆ဝရာခိုင်နှုန်းလောက်ထိ ရှင်းလင်းထိန်းသိမ်း နိုင်အောင် လုပ်ဆောင်သွားမှာပါ။ ပိုပြီးအားစိုက်လုပ်ဆောင်သွားမှာပါ။ ပညာပေးကာလကုန်ပြီးဆိုတော့ အရေးယူမှုအပိုင်းတွေ ဆက်လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ပြောသည်။

စည်ပင်သာယာရေးဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ထောင်ဒဏ် ၃နှစ်၊ ငွေဒဏ် ကျပ်သိန်း ၂ဝ မှ ကျပ်သိန်း ၃ဝ အထိ ချမှတ်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များသို့ ကျူးကျော်ရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ လမ်းဘေးဆိုင်၊ ပုဂ္ဂလိက အိမ်ဆိုင်များ လမ်းမြေကျူးကျော်မှု မရှိစေရန် တားမြစ်ရှင်းလင်းခြင်း၊ မီးပွိုင့်ဒေါင့်များရှိ ဈေးဆိုင်၊ အဆောက်အအုံများ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း၊ ကျူးကျော်ရောင်းဝယ် ခင်းကျင်းမှုများ မရှိစေရေးအတွက် စိစစ်ကြပ်မတ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အင်အားတိုးမြှင့် ဆောင်ရွက်ရန် အကြောင်းကြားထားကြောင်း ထပ်မံပြောသည်။

လူသွားစြင်္က ံ ပလက်ဖောင်းများအပေါ် တည်ခင်းရောင်းချနေသော ဈေးဆိုင်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှု နည်းလမ်းအရ ပညာပေးခြင်း၊ သတိပေးခြင်းများနှင့် လိုအပ်သလို အရေးယူထားရှိမှု အခြေအနေကို သိရှိလိုခြင်း ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“ကျွန်တော်အနေနဲ့ သေချာသိလိုတာက ရေရှည်ယုံကြည်စိတ်ချရဖို့အတွက် ဝန်ကြီးအနေနဲ့ ဘယ်လိုတာဝန်ယူဆာင်ရွက်မှာလဲ၊ ဘယ်လောက်ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်မှာလဲ၊ ဒီလောက်ပါပဲ”ဟု ၎င်းက ပြောသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ လမ်းဘေးကျူးကျော်ရှင်းလင်းမှုများကို ၂ဝ၁၈ အောက်တိုဘာလမှ ၂ဝ၁၉ ဖေဖော်ဝါရီလအထိ ၃၆၇ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်