ဦးနှောက်ကြည်လင် စာမေးပွဲဝင်စေချင်

36

ကျွန်မပညာရေးဌာနတွင် ကျောင်းဆရာမအဖြစ် နှစ်ပေါင်း (၄၀) နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါသည်။

(ဇာတိမော်လမြိုင်ကျွန်းနှင့် ခင်ပွန်းအလုပ်ပြောင်းရာ မော်လမြိုင်မြို့တို့တွင်) – မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ (သူငယ်တန်းမှ ဒသမတန်း) အထိ အတန်းစုံအောင် သင်ပေးခဲ့ဖူးပါသည်။ ကျောင်းသူ၊ ကျောင်းသားတပည့်အမျိုးမျိုး၊ မိဘအုပ်ထိန်းသူအမျိုးမျိုး လုပ်ဖော်ကိုင်ဖက်အမျိုးမျိုးတို့နှင့် ကြုံဆုံခဲ့ရပါသည်။ ဝမ်းနည်းရ၊ ဝမ်းသာရသသည်များ အမှတ်တရများရှိပါသည်။ သို့သော် ယနေ့အငြိမ်းစားဘဝရောက်သောအခါ ယခင်တွေ့ကြုံခံစားခဲ့ရသည်များမှာ တည်မြဲမှုမရှိ၊ ဗုဒ္ဓကိုယ်စားဆရာတော်ကြီးများဟောကြားသည့်ဒေသနာ တော်များအတိုင်း သင်္ခါရများပါပေ။

အားလုံးပီတိဖြစ်ဖွယ်ရာများဟုတွေးလိုက်တိုင်း ဝမ်းသာ၊ ပီတိကိုစား အားရှိ သော ကုသိုလ်လည်းရ ဝမ်းလဲဝသည့် မိမိလုပ်ငန်းအပေါ်များစွာကျေနပ်မိပါသည်။

ယခု တက္ကသိုလ်ဝင်တန်းစားမေးပွဲဖြေဆိုခါနီးသောအခါတွင် ကျောင်းစာမေးပွဲခန်းစောင့်တာဝန်ကျစဉ် ကဖြစ်ရပ်ကလေးများကို – သတိရမိပြီး ဖြေဆိုမည့်ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ အမှတ်တမဲ့ဖြစ်တတ်သည်များ၊ ဆောင်ရန် ရှောင်ရန်များ သတိပေးချင်စိတ်ပေါ်ပေါက်လာပါသည်။

စာမေးပွဲခန်းဝင်ရန်အချက်ပေးခေါင်းလောင်းခေါက်သည်။ ကျောင်းသားကျောင်းသူများ မိမိတို့ခုံတွင် နေရာယူဝင်ထိုင်လိုက်ကြသည်။ ထို့နောက် အဖြေလွှာစာအုပ်များဝေငှသည်။ စာဖြေသူများလိုက်နာရန် စည်းကမ်းများကိုဖတ်ပြသည်။ အဖြေလွှာစာအုပ်တွင် ခုံနံပါတ်ရေးစေသည်။ စာမျက်နှာညာထိပ်တိုင်းတွင် ခုံနံပါတ်ကိုတပ်စေသည်။ ကျောင်းသားကျောင်းသူများ ရေးထားသောခုံနံပါတ် မှန် မမှန် ဆရာကလိုက်လံ စစ်ဆေးသည်။ အချို့ခုံနံပါတ်မှားယွင်းရေးထိုးသည်ကိုတွေ့ရှိရသည်။ ပြုပြင်စေသည်။

ကျောင်းသူလေးတစ်ယောက်မျက်ရည်ကျနေသည်။ မျက်စိပျက်၊ မျက်နှာပျက်နှင့် စိတ်သောက ရောက်နေသည့်ပုံဖြစ်နေသည်။ ထိုကျောင်းသူအနားသို့ ကျွန်မရောက်သွားလိုက်သည်။

“ သမီးဘာဖြစ်လို့လဲ ၊ နေမကောင်းဘူးလား၊ ဘာလိုသလဲ” သူ့နဖူးနှင့် လက်တို့ကို ကျွန်မစမ်းသပ်ကြည့်လိုက်သည်။

“ သမီးအမေထုတ်ပေးတဲ့ အကျီ ၤအသစ်ကိုဝတ်လာတာ၊ အခုနံပါတ်တပ်၊ ဘေးမျဉ်းတားတာတောင် လက်ကကွေးလို့မရဘူး -တအားကျပ်နေတယ်။ သမီးစာရေးဖို့ခက်နေတယ်”

ရော – ခက်ချေပြီ – သုံးနာရီဖြေရမည်။ မြန်မာစာ အစွမ်းကုန်ရေးရတော့မည်။ သူ့အကျီ ၤကလက်ရှည် – လက်ဖျားရှုး၊ သီစာများသဖြင့် အလွန်ကျပ်နေသည်။ အကျီ ၤချွတ်ပြီး သီစာများဖြုတ်ပစ်မှသာ လက်ကွေး၍ရနိုင်မည်။

စာမေးပွဲခန်းတွင်း၌ပြုပြင်ရန်မဖြစ်နိုင်။ ကျွန်မအကြံထုတ်ရပြီ၊ မေးခွန်းဝေဖို့အချိန်လိုသေး သည်။ မေးခွန်းမဝေသေးသဖြင့် အပြင်ထွက်ရန် အခြေအနေပေးသည်။ အပြင်စောင့် ( Relieving) ဆရာမ စြင်္က ံတွင်ရပ်နေသည်ကိုကျွန်မလက်ပြခေါ်ယူ၍ အကျိုးအကြောင်းပြောပြသည်။ ထိုကျောင်းသူလေးကို ကျောင်းကျန်းမာရေးအခန်းကို အမြန်ခေါ်သွားပြီး အကျီ ၤသီစာများကိုဖြုတ်သည်။ အချိန်မီပြန်ရောက်လာ သည်။

မေးခွန်းဝေပြီး ထိုကျောင်းသူလေး စိတ်ပါလက်ပါ အားရပါးရ စာဖြေနေသည်ကိုကြည့်ပြီးကျွန်မစိတ်ချမ်း သာမိသည်။ သူ၏ ပွရောင်းရောင်းဖြစ်နေသော အကျီ ၤကိုကြည့်ပြီးကျွန်မရယ်ချင်သည်။ “ သြော် …. မိခင်မေတ္တာ” သမီးချောကို အကျီ ၤလက်ရှည်အသစ်စက်စက်နှင့် စာမေးပွဲခန်းကိုလှလှပပလေး ဝင်စေလိုသည့် စေတနာ ကျွန်မတို့ဆရာမများမကယ်လျှင် သူ့မိခင်စေတနာမှာ ဝေဒနာဖြစ်ပေရော့မည်။ နောင်အဆက်ဆက်သော တပည့်များကို သင်ခန်းစာပေးရပေဦးမည်။ သက်သောင့်သက်သာ အဝတ်အစားများ ဖြင့် စာမေးပွဲခန်းဝင်ရန်။

စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဖြေရသည်။ ဖြေဆိုရန်အချက်ပေးခေါင်းလောင်းခေါက်ပြီး စာမေးပွဲခန်းရှိ ကျောင်းသားကျောင်းသူအားလုံး မေးခွန်းအစအဆုံးဖတ်ပြီး အားရပါးရဖြေဆိုကြပေပြီ။ အားလုံးဖြေဆိုနိုင်ကြသည့်ပုံပါ။ ဖြေနိုင်ကြပါစေ။ အောင်ကြပါစေ။ ကျွန်မထုံးစံအတိုင်း စိတ်ထဲမှ ဂုဏ်တော်ကိုးပါးရွတ်ဆိုပြီး စာမေးပွဲဖြေသူများနံဘေးတွင် ဖြည်းဖြည်းလမ်းလျှောက်နေပါသည်။

ကျောင်းသားတစ်ယောက် စာရေးခုံပေါ်တွင်ခေါင်းတင်ထားသည်။ လက်ကဗိုက်ကို နှိပ်နေသည်။ အကျီ ၤကျောပြင်တွင်ချွေးများစိုချွဲနေသည်။ “ အာ …. ပြဿနာပဲ” “သား၊ ဘာဖြစ်နေလဲ” ကျောင်းသားပုခုံးကို ကိုင်ပြီး ကျွန်မခပ်တိုးတိုးမေးလိုက်သည်။ “ ကျွန်တော်ခေါင်းမူးနေတယ်၊ ဗိုက်တအားအောင့်တယ်” ကျွန်မနှင့်အတူ အခန်းစောင့်တာဝန်ကျသောဆရာမက ပရုတ်ဆီဘူးလေးယူလာပြီး “ ရော့ ဗိုက်ကို နည်းနည်းပွတ်လိုက်၊ သား ညက အိပ်ရေးရောဝရဲ့လား၊ အစာရောစားခဲ့ရဲ့လား” ကျောင်းသားကခေါင်းခါသည်။ “ မနေ့က စာမေးပွဲပြီးကတည်းက စာတွေမပြီးလို့ သားစာလုပ်နေတာ မအိပ်ဘူး၊ ဘာမှလည်း မစားခဲ့ဘူး”

“ ရင်ဘတ်ထဲ ဗိုက်ထဲမှာ တအားပူနေလား” အစာအိမ်ပေါက်တာတို့ အူအတက်ပေါက်တာတို့များဖြစ်နေမည်စိုး ၍ ကျွန်မစိုးရိမ်တကြီးမေးရပါသည်။ အသက်လုရမည့််ကိစ္စဆိုလျှင် စာမေးပွဲကိုဘေးချိတ်ရပေတော့မည်။

ကျွန်မသိရှိသမျှကျန်းမာရေးဗဟုသုတများဖြင့် ကြည့်ရှု မေးမြန်းရပါသည်။ ကျောင်းသားက “ မပူဘူး မူးတယ် အောင့်တယ်” မျက်နှာတွင် ချွေးသီးချွေးပေါက်များသီးနေသည်။ အခြေအနေကြည့်ရသည်မှာ အူအတက်၊ အစာအိမ်ပေါက်ခြင်းတော့ဖြစ်ခြေမရှိ၊ အိပ်ရေးပျက် ၊ အစာမရှိခြင်းဖြစ်ပေမည်။ အခန်းဖော်ဆရာမက ပါလာသော လန်းဆန်းပုဝါလေးပေး၍ ချွေးများသုတ်စေပြီးယပ်ခတ်ပေးနေသည်။ စာမေးပွဲရက်တွင်ထမင်းစား နောက်ကျတတ်၍ ကျွန်မလက်ဆွဲခြင်းထဲတွင် ဓာတ်ဘူးငယ်များကော်ဖီဖျော်ထည့်လာပြီး ပေါင်မုန့်အစာသွပ်နှစ်ထုပ်ထည့်လာသည်ကို သတိရလိုက်သည်။

“ သား ပေါင်မုန့်နဲ့ကော်ဖီလေးမြန်မြန်စားလိုက်၊ အစာဝင်သွားရင်နည်းနည်းသက်သာသွားလိမ့်မယ်” ကျောင်းသားခမျာ ကျွန်မတို့ဆရာမနှစ်ယောက်ကို အားနာသောမျက်လုံးလေးများနှင့် ကြည့်ပြီးစားနေရှာသည်။ ကျွန်မတို့လည်း စာမေးပွဲခန်းကိုပတ်လျှောက်ရင်း ထိုသားကို အကဲခတ်နေရသည်။ သက်သာသွားပုံရပြီး မေးခွန်းအဖြေစာအုပ်များကိုလှန်လှောဖြေဆိုနေပါတော့သည်။

စာမေးပွဲဖြေဆိုမည့်ရက်များတွင် အချိန်မှန်အိပ်ပြီး အချိန်မှန်စားရန် လိုအပ်ကြောင်း စာမေးပွဲခန်းမသွားမီ အစာအာဟာရစားသွားရန် လိုအပ်သည်တို့ကိုမိဘအုပ်ထိန်းသူများကျောင်းသားကျောင်း သူများသတိပြုရမည်ဖြစ်ကြောင်း

သင်ခန်းစာပေးရပေမည်။

နောက်ရက် အခြားဘာသာများဖြေဆိုသည့်ရက်များတွင် မည်သည့်ပြဿနာမျှမတွေ့ရဘဲ အေးအေးဆေးဆေး စာမေးပွဲပြီးသွားပေပြီ –

နောက်တစ်နှစ် စာမေးပွဲခန်းစောင့်တာဝန်ကျစဉ် စာဖြေသူများနေရာယူကာစည်းကမ်းချက်များဖတ်ပြ၍ အဖြေလွှာများဝေပြီး အဖြေလွှာပေါ်တွင်ရေးသားထားသော ခုံနံပါတ်များကိုလိုက်လံစစ်ဆေးစဉ် ကျောင်းသားတစ်ဦးက ဂျာကင်အကျီ ၤတွင်းမှ ဘဲဥတစ်လုံးကို စာရေးခုံပေါ်တင်လိုက်သည်ကို ကျွန်မတွေ့ပါသည်။ ပြဿနာမရှိပါ။

စာဖြေချိန်အတွင်း ဆာလောင်တတ်၍ စားရန်ယူလာခြင်းဖြစ်ပေမည်။ တစ်ဖန် အိတ်အတွင်းမှ ဖယောင်းတိုင်နှင့် ဂက်(စ်) မီးခြစ်ထုတ်လိုက်ပါသည်။ ပြဿနာရှိပြီ၊ ထိုကျောင်းသားထံ အရောက်သွားရပါသည်။ “ သားလေး….. ဒါတွေကဘာလုပ်တာလဲ” “ ကျွန်တော် ယတြာလုပ်ရမှာပါ – ဘဲဥပေါ်မှာ ဖယောင်းတိုင်ထွန်းထားရမယ် သေချာလုပ်လို့ အမေက မှာထားလို့ပါ။”

ကျွန်မသည် ပြုံးရွှင်သောမျက်နှာ အချိုသာဆုံးသောအသံဖြင့် ပြောရပါသည်။ “ သားလေး – စာမေးပွဲခန်းမှာ ဒီလိုလုပ်လို့မရဘူး – အဖြေစာရွက်တွေ မီးဟပ်သွားမယ်၊ ဘဲဥအရည်တွေပေကျံသွားမယ်ဆိုရင် သားအဖြေစာရွက်တွေ အနှောင့်အယှက်ဖြစ်သွားမှာပေါ့ – ယတြာမြောက်အောင်ဆရာမလုပ်ပေးမယ် သားနဲ့တည့်တည့်အပြင်မှာ ဘဲဥပေါ်ဖယောင်းတိုင်ထွန်းထားပေးမယ်။ သားနာမည်နဲ့ ခုံနံပါတ်ကိုပြောပြီး – ဖြေနိုင်ပါစေ၊ အောင်ပါစေလို့ရွတ်ပြီး ထွန်းထားပေးမယ်နော် ဒါဆိုအောင်ပြီး – မှတ်ထား” “ ဟုတ်ကဲ့ပါ” သဘောတူညီချက်ရပြီဖြစ်၍ ဘဲဥနှင့် မီးခြစ်၊ ဖယောင်းတိုင်တို့ကို အမိအရယူပြီး ထိုကျောင်းသားမြင်သောနေရာ တွင် ဘဲဥပေါ် ဖယောင်းတိုင်ထွန်း – ဆုတောင်းပေရပါသည်။ ထိုကျောင်းသားက ကျေနပ်ပြုံးရွှင်စွာလှမ်းကြည့်ပြီး အေးချမ်းစွာဖြေဆိုနေပါတော့သည်။
သည်အရွယ်များကြမ်း၍မရ၊ အန ္တရာယ်ပေးနိုင်သည်။ မလိုလားအပ်သောပြဿနာများဖြစ်နိုင်သည်မ ဟုတ်ပါလော၊

ကျွန်မပြောလိုသည်မှာ မိဘများ ဆန္ဒစောလွန်းခြင်း၊ စေတနာလွန်ကဲခြင်းများကို သတိပြုသင့်ပါ သည်။ တော်ရုံတန်ရုံသာဖြစ်သင့်ပါသည်။ စာဖြေသူများ စာရေးခုံပေါ်တွင် သပြေညွန့်လေးများ၊ စံပယ်ပွင့်များ၊ မြေပဲစေ့များ၊ ပေါက်ပေါက်များ စသည်တို့တင်ထားသည်ကိုတွေ့ရတတ်ပါသည်။ ယတြာများဖြစ်ကြောင်း ဆရာများအနေဖြင့်သိရှိကြပါသည်။ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန်အဓိက ဖြစ်ပေသည်။

စာမေးပွဲခန်းတွင် အနှောင့်အယှက်ဖြစ်စေလောက်သောအပြုအမူမျိုး၊ ယတြာမျိုးတော့ အားမပေးသင့်ပါ။ စေတနာက ဝေဒနာဖြစ်တတ်ပါသည်။

နောက်တစ်နှစ်၊ ကျွန်မ၏ ကျန်းမာရေးအခြေအနေ (ဒူးနာဝေဒနာ)ကြောင့် ကျောင်းအုပ်ကြီးကို မေတ္တာရပ်ခံထားရသည်ဖြစ်ရာ ကျွန်မစာမေးပွဲခန်းစောင့်တာဝန်မှ ကင်းလွတ်ခွင့်ရပြီး ဂိတ်စောင့် (ကျောင်းအဝင်အဝ) တာဝန်ယူရပါသည်။

စာဖြေချိန် (၁၅) မိနစ်ကုန်သွားသည်အထိရောက်မလာသော ခုံနံပါတ်သည် ရွှေနတ်တောင်ကျောင်းမှ ဖြစ်ကြောင်းသိရပါသည်။ စာမေးပွဲစည်းကမ်းအရ မိနစ် (၃၀) ကျော်လျှင် စာမေးပွဲခန်းသို့မဝင်ရ၊ မဖြေရတော့ပါ။ ထိုစဉ်က ရွှေနတ်တောင်ကျောင်းအုပ်ကြီးမှာ ဗိုလ်ကြီးဝေလင်းဖြစ်ပါသည်။ ရွှေနတ်တောင်ကျောင်းမှ တာဝန်ရှိဆရာများနှင့် စာဖြေကျောင်းသားကျောင်းသူများဖယ်ရီကားဖြင့် အချိန်မီရောက်ရှိနေကြပါသည်။

ကျောင်းသူတစ်ယောက်အချိန်မီရောက်မလာ၍ ချန်ထားခဲ့ရကြောင်းသိရပါသည်။ မိနစ် ၂၀ ခန့်ကြာသောအခါ မော်တော်ဆိုင်ကယ်တစ်စီး အရှိန်ပြင်းပြင်းမောင်းပြီးရောက်လာပါတော့သည်။

စာဖြေကျောင်းသူကိုယ်တိုင်မောင်းပြီးမိခင်ဖြစ်သူက နောက်မှထိုင်လျက်လိုက်ပါလာပါသည်။ ကျောင်းသူလေး သည်ကျောင်းဝင်းတွင်းရောက်သည်နှင့် ဆိုင်ကယ်ရပ်ပြီးငိုပါတော့သည်။ “ သမီးဖြေလို့မှ ရသေးရဲ့လား၊ အချိန်မီ သေးလား” မေးရှာပါသည်။ တာဝန်ကျဆရာမများကကျောင်းသူလေးကို အမောပြေစေရန်နှစ်သိမ့်အားပေးကြရ ပါသည်။ “ သမီးအချိန်မီတယ် စိတ်မပူနဲ့ နည်းနည်းလေးနောက်ကျတာ သုံးနာရီတောင်ဖြေရမှာ အေးအေးဆေးဆေးပဲ စိတ်အေးလက်အေးဖြေပါ” အပြင်စောင့်ဆရာမများကလည်းနွေးထွေးစွာကြိုဆိုပြီး စာမေးပွဲခန်းကို အရောက်ပို့ပေးလိုက်ကြပါသည်။

ထိုကျောင်းသူအမေဖြစ်သူက “ ဒီနေ့ကျောင်းကားကြုံနဲ့ ဈေးကြီးကိုသွားဖို့ကျွန်မပါလိုက်ဖို့ ကျောင်းကားထွက်သွားပြီဆိုတာနဲ့ တွေ့တဲ့ဆိုင်ကယ်ငှားစီးပြီးလာတာ အချိန်မီလို့တော်ပါသေးရဲ့- ဟူး…”
“နင့်ကိုစောင့်နေတာ ကလေးနောက်ကျတာဖြစ်မယ် စိတ်ပူပြီး ဆိုင်ကယ်ကိုတအားမောင်းတော့ နင်တို့ မသေကုန်တာကံကောင်း – ရွှေနတ်တောင်နဲ့ အမှတ် (၃) မရမ်းကုန်း နီးတဲ့ခရီးလားလူပင်ပန်းစိတ်ပင်ပန်းနဲ့ ကလေးစာမေးပွဲဖြေရမယ်” ဟု ဗိုလ်ကြီးဝေလင်း ဂရုဏာဒေါသဖြင့် ကျောင်းသူလေးအမေကို ကြိမ်းမောင်းပါတော့ သည်။

မှန်ပေသည်။ မိခင် ဖြစ်သူကိုကြည့်လိုက်ရာ ဈေးကြီးသွားရှော့ပင်းထွက်မည်မို့ ပြင်ဆင်လာလိုက်တာ ပွဲတိုင်သွားမည့်အတိုင်း သူခြယ်သနေသည်ကိုစောင့်ရရိုးရိုးနှင့် ကျောင်းသူလေးခမျာ စိတ်အနှောင့်အယှက်ဖြစ်ရပေသည်။

မသိတတ်သော မိဘအုပ်ထိန်းသူများ ဆင်ခြင်ဖွယ်ရာသင်ခန်းစာတစ်ခုပါပေ။ စာမေးပွဲဖြေရန်စိတ်လှုပ် ရှားနေသော ကျောင်းသူ၊ ကျောင်းသားကိုယ်တိုင် ယာဉ်မောင်းခြင်းမပြုသင့်ကြောင်း သတိပြုသင့်ပေသည်။

“ သတိမမူ ဂူမမြင်” “ သတိမူက – မြူပင်မြင်သည်” ဟူသော ပညာရှိများဆိုရိုးစကားဦးထိပ်ထားအမှတ် တမဲ့လုပ်ရပ်က အမှတ်တရဖြစ်စေတတ်သည်။

အိရွှေဝင်း (မော်ကျွန်း)

Advertisements

Leave a Reply