မွေးစာရင်း ပြုလုပ်ရာ၌ ဖခင်မှတ်ပုံတင် မရှိသည့်ကလေးများအတွက် ခက်ခဲ

မော်လမြိုင် မတ်

အကြောင်းအမျိုးမျိုးကြောင့် မွေးဖွားလာသည့် ကလေးများ မွေးစာရင်း ပြုလုပ်ရာ၌ ဖခင်မှတ်ပုံတင် မရှိသည့် ကလေးများအတွက် မွေးစာရင်း ရရှိရေး ခက်ခဲနေကြောင်း သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မီဒီယာများ၏ မေးမြန်းခြင်းကို ဖြေကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သည့် ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ခြင်းသည်။

၎င်း၏ မေးမြန်းခြင်းကို မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက မွေးစာရင်းပြုလုပ်ရာတွင် မွေးစာရင်းပုံစံ(၁၀၁)အပြင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ မွေးဖွားကြောင်း အထောက်အထားလက်မှတ်၊ ကလေးမိဘများ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ အရှင်မွေးလက်မှတ်ကို ထုတ်ယူခဲ့ခြင်းမရှိသည်မှာ မှန်ကန်ကြောင်း ဝန်ခံကတိ၊ နယ်မြေသားဖွားဆရာမ၏ ထောက်ခံချက်စာရွက်စာတမ်းများအား စိစစ်၍ မြို့နယ်ဖွား/သေ တာဝန်ခံအရာရှိဖြစ်သူ သက်ဆိုင်ရာမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ စိစစ်ထုတ်ပေးလျက်ရှိကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် လုပ်ထုံးလုပ်နည်းတွင် မပါရှိသည့်ကိစ္စများနှင့် စပ်လျဉ်းပြီးသက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးသို့ ပြန်လည်တင်ပြပြီး ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း ထပ်ဆင့် ဖြေကြားသည်။

ယခုနောက်ပိုင်းတွင် single mother ဟူ၍ ရပ်တည်မှုများ ရှိလာပြီး ဖခင် အမည်ပြောနိုင်သော်လည်း မှတ်ပုံတင် မရှိခြင်းကြောင့် မွေးစာရင်း အခက်အခဲဖြစ်နေသည်ကို မြေပြင် ကွင်းဆင်း လေ့လာကြည့်လျှင် သိနိုင်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့ကပြောဆိုသည်။

ယင်းမွေးစာရင်း မရှိခြင်းကြောင့်လည်း ဆယ်နှစ်ပြည့် မှတ်ပုံတင် ပြုလုပ်ရာတွင် အခက်အခဲများ ရှိနေပြီး ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ မရရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောသည်။

တေဇ

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်