ငွေ မပေးနိုင်က နိုင်ငံသားစိစစ်ရေးကတ် မကိုင်ရဆိုသည့် ပုံစံမျိုးဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

30

မော်လမြိုင် မတ်

ငွေကြေးမပေးနိုင်သူက နိုင်ငံသားစိစစ်ရေးကတ်ပြား မကိုင်ရဆိုသည့် ပုံစံမျိုးဖြစ်နေသည်ဟု ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ဟင်္သာ မီဒီယာနှင့် သီးခြားတွေ့ဆုံစဉ် ဝေဖန်ပြောဆိုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မော်လမြိုင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် သမီးသုံးဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက် လျှောက်ထားသူ သီရိမြိုင်ရပ်ကွက်နေ ဦးမောင်မောင် (အမည်လွှဲ)ကို ဟင်္သာက တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းကအောက်ပါအတိုင်း ပြောသည်။

“ကလေးတွေက ခေါက်တုံ့ခေါက်ပြန် လာနေရတယ်ဆိုတော့ သူတို့တွေကို မခေါ်လာတော့ဘူး။ မှတ်ပုံတင်ရမှပဲ ခေါ်လာတော့မယ်။ ရုံးကိုလာတယ်။ စောင့်တယ်။ မှတ်ပုံတင်နံပါတ် ရှာတုန်းပဲ။ မတွေ့သေးဘူးဆိုပြီး ပြန်ပြန်သွားရနေတုန်းပဲ” ဟု ကာယကံရှင်က ဆိုသည်။

အဆိုပါကတ်များ လုပ်ဆောင်ရန် မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ လာရောက်ပြုလုပ်နေသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မရရှိသေးကြောင်း ၎င်းက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောသည်။

“အဆင်မပြေဘူးဆိုတာက လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က ကိုင်ခဲ့တဲ့ ၁၈ နှစ်အရွယ်က ရိုက်ထားတဲ့ မှတ်ပုံတင်နဲ့ ဒီရံုံး (မော်လမြိုင် လဝက) မှာ လာလုပ်တဲ့အခါကတော့ မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကတ်) နံပါတ်ကရှိတယ်။ နာမည်ကလွဲနေတယ်။ အသစ်ပြန်လုပ်ရမယ်ဆိုတော့ နံပါတ်လိုက်ရှာနေတာ ရှာမတွေ့သေးဘူး”ဟု ကာယကံရှင်က ထပ်လောင်း ပြောသည်။

သမီးကြီးအတွက် နိုင်ငံသားစိစစ်ရေးကတ် သွားရောက်လုပ်ဆောင်ရာ၌ ပွဲစားမှ တစ်ဆင့်ငွေ ၄၀,၀၀၀ ကျပ် (လေးသောင်း) ကျပ်ပေးခဲ့ရကြောင်း၊ ကာယကံရှင်၏ နိုင်ငံသားစိစစ်ရေးကတ် နံပါတ်အသစ် ပြန်လည်လုပ်ဆောင်ရာတွင်လည်း အကျိုးဆောင် ပွဲစားနှစ်ဦးကို ငွေ ၃၀,၀၀၀ ကျပ် (သုံးသောင်း) ထပ်မံပေးဆောင်ခဲ့ရကြောင်း သိရသည်။

“ပေးလိုက်ရတယ်။ ပွဲစားကနေတစ်ဆင့် တောင်းလို့။ ကျန်တဲ့ သမီးနှစ်ယောက်က ဘယ်လောက်ထပ်ကုန်မလဲ မသိသေးဘူး။ ကျွန်တော်တို့က ဟိုဝင်ဒီထွက် နားမလည်ဘူးလေ။ နားမလည်တော့ ဝင်ထွက်နေတဲ့ အကျိုးဆောင် ပွဲစားဆိုတဲ့ လူကိုပဲ လုပ်ခိုင်းရတာပေါ့” ဟု ကာယကံရှင်က ပြောသည်။

မွန်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးရှေ့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်၏ ဖုန်းနံပါတ်နှင့် ပြည်နယ်ညွှန်ကြားရေးမှူး၏ ဖုန်းနံပါတ်များ ဆိုင်းဘုတ်ထောင် ရေးသားဖော်ပြပေးထားကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ မွေးတိုးနှင့် သန်းခေါင်စာရင်းများ လာရောက်ပြုလုပ်လျှောက်ထားရာ၌ ကျေနပ်ခြင်း မရှိပါက တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း မော်လမြိုင်ခရိုင် (လဝက) ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပြောသည်။

“လုံးဝမကျေနပ်ဘူးဆိုရင် ခရိုင်၊ ပြည်နယ်ကိုလည်း တိုက်ရိုက်လာရောက်တိုင်ကြားလို့ ရပါတယ်။ ချက်ချင်းဖြေရှင်းပေးပါ့မယ်” ၎င်းက ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံသားဖြစ်ခွင့်ရှိသည့် လူတိုင်းလူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်သင့်ပြီး ဝန်ထမ်းများကို ငွေကြေး ပစ္စည်းများဖြင့် ဂါရဝပြုခြင်း ပပျောက်စေအောင် အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးရန် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက အကြံပြုတိုက်တွန်းသည်။

“လွှတ်တော်မှာ မေးခွန်းမေးသွားတာ သွေးနှောတွေပဲ မေးသွားတာပေါ့။ ဒါပေမယ့် သွေးနှောတွေပဲ မဟုတ်ဘူး။ ဒီမြန်မာနိုင်ငံသားဖြစ်ခွင့်ရှိတဲ့ လူတွေအားလုံးအတွက် ရည်ရွယ်ပြီး ဒီမေးခွန်းကို မေးမြန်းတာ ဖြစ်တယ်။ ဖြစ်နိုင်ရင်လည်း ဝန်ကြီးကို ဆက်စပ်မေးခွန်းမေးခဲ့သလို အဲဒီ ဂါရဝ ပြုခြင်းဆိုတာကို အမှန်တကယ် ပပျောက်စေချင်တယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ပြောသည်။

(CZN) အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြား ကိုင်ဆောင်သူသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြောင်းလဲကိုင်ဆောင်ခွင့် ရှိမရှိနှင့် ပြောင်းလဲကိုင်ဆောင်ခွင့်ရှိပါက မည်သို့ လုပ်ကိုင်ဆောင်ရွက်ရပြီး အချိန်ကာလ မည်မျှကြာမြင့်သည်ကို ဒေါ်ကြည်ကြည်မြက လွှတ်တော်အစည်းအဝေး၌ မေးခွန်းမေးမြန်းခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့၌ ၎င်းက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါမေးမြန်းမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားဆောင်ရွက်ပေးမှုနှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ခေတ်မင်း

Advertisements

Leave a Reply