စားသုံးရန်မသင့်သော အစားအသောက် သုံးမျိုး ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိ

ထားဝယ် မတ်

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ရငဲကျေးရွာဈေးကွက်အတွင်းမှ နမူနာ ကောက်ယူ ဝယ်ယူခဲ့သည့် အစားအသောက် ခုနစ်မျိုးကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ယင်းအနက် သုံးမျိုးမှာ စားသုံးရန်မသင့်လျော်ကြောင်းတွေ့ရှိရသည်ဟုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တနင်္သာရီတိုင်းဒေသကြီး ရုံးမှ သိရ သည်။

ဈေးကွက်နမူနာများကို ရန်ကုန်ရှိ FDA သို့ ပေးပို့ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းအစိုးရကလုပ်ထုံးလုပ်နည်းနှင့်အညီပြည်သူကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်ဆောင်ရွက်ရန်အကြောင်း ပြန်ထားတယ်”ဟု အထက်ပါရုံး တာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။

စားသုံးရန်မသင့်ဟု သတ်မှတ်ခံရသော အစားအသောက် များမှာ Peach(ထိုင်းစာသားပါ)အမှတ်တံဆိပ်မက်မွန်သီး၊ ချိုချဉ်စပ်အမှတ်တံဆိပ် ဆီး၊သရက်၊ဂွေးချို၊ရှောက်သစ်သီးယိုစုံနှင့် မိုးဆန်းအမှတ်တံဆိပ် ငရုတ်ဆီတို့ဖြစ်သည် ဟုသိရသည်။

ပထမနှစ်မျိုးတွင် အစားအသောက်တာရှည်ခံဓာတုပစ္စည်း (SodiumBenzoate) ခွင့်ပြုပမာဏထက်ကျော်လွန်နေသည်ကိုလည်းကောင်း၊ မိုးဆန်း င ရုတ်ဆီတွင် အလားတူ တွေ့ရှိချက်အပြင် ခွင့်မပြု ဓာတုဆိုးဆေး (Orange II )အသုံးပြုထားသည်ကိုလည်းကောင်း စစ်ဆေးတွေ့ရှိရကြောင်း ဒေါက်တာဟိန်း မင်းထက်အောင်က ရှင်းပြသည်။

ယင်းပစ္စည်းများ ဈေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူး ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးသိမ်း ဆည်းရန် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌများ၊ မြိတ်၊ ကော့သောင်းခရိုင် FDA တာဝန်ခံများသို့ ညွှန်ကြားထားသည်ဟု ၎င်းထံမှ သိရသည်။

SodiumBenzoate တာရှည်ခံ ဓာတုပစ္စည်း သတ်မှတ်ပမာဏထက် ကျော်လွန် အသုံးပြုထားလျှင် ကင်ဆာရောဂါဖြစ်ပွားနိုင်ကြောင်း၊ Orange II ဓာတုဆိုးဆေးကို စားသောက်မိလျှင် အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်၊ အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ကြောင်း ယင်းဌာနက အသိပေးကြေညာထားသည်။

တင့်လွင်

Leave a Reply