လူမှုကွန်ယက်ကုမ္ပဏီများမှ နှစ်စဉ် အခွန်ငွေ သန်း ၅၀၀ကျော် ပြင်သစ် ရရှိနေ

ပဲရစ် မတ် ၄

ပြင်သစ်နိုင်ငံရဲ့ ပြည်တွင်းအခွန်ငွေ စုစုပေါင်းပမာဏရဲ့ ၃ရာခိုင်နှုန်းကို ကမ္ဘာ့အခြေစိုက် အွန်လိုင်းနှင့် လူမှုကွန်ယက်ကုမ္ပဏီတွေကနေရရှိနေပြီး တစ်နှစ်ကို ယူရိုဒေါ်လာသန်းပေါင်း ၅၆၈သန်းကျော် ရရှိနေတယ်လို့ ပြင်သစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလီမာရီက မတ်လ ၃ရက်နေ့က ပြောပါတယ်။

ကုမ္ပဏီကြီးတွေဟာ တစ်လကို ယူရိုဒေါ်လာ ၂၅သန်းအခွန်ဆောင်ရလေ့ရှိပြီး တစ်နှစ်ကိုသန်း ၅၀၀ကနေ ခြောက်ရာနီးပါးအထိရှိလာခဲ့တာဖြစ်ပါတယ်။

အဓိကအခွန်ပေးဆောင်နေတဲ့ ကုမ္ပဏီပေါင်း ၃၀ကျော်ရှိပြီးတော့ အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီတွေအများဆုံး ပါဝင်နေပြီး တရုတ်၊ ဂျာမဏီ၊ စပိန်နဲ့ ဗြိတိန်အခြေစိုက်ကုမ္ပဏီတွေလည်းပါဝင်နေတယ် လို့ ပြင်သစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရတာဖြစ်ပါတယ်။

အခွန်ပေးဆောင်တဲ့ ကုမ္ပဏီတွေထဲမှာ နာမည်ကျော်ကုမ္ပဏီတွေဖြစ်တဲ့ ဂူးဂဲ၊ အမေဇုံ၊ ဖေ့ဘွတ်၊ အူဘာနဲ့ အခြား အွန်လိုင်းအခြေစိုက်ကုမ္ပဏီတွေပါဝင်ပါတယ်။

၂၁ရာစုမှာ ပြည်တွင်းအခွန်ငွေတွေက အွန်လိုင်းအသုံးပြုမှုနဲ့ ဒေတာအချက်အလက် ရယူသုံးစွဲမှုတွေဆီကနေ စီးဆင်းလာတယ်လို့ ဘဏ္ဍာရေးဝန်ကြီးကပြောပါတယ်။

ဒါပေမဲ့ ပြင်သစ်နိုင်ငံမှာ ပေးဆောင်ရာတဲ့ အခွန်ငွေဟာ အခြား ဥရောပနိုင်ငံတွေမှာကောက်ခံတဲ့ နှုန်းရဲ့ ၁၄ရာခိုင်နှုန်းသာရှိနေပြီး ကုမ္ပဏီရဲ့ အရွယ်အစားနဲ့ လုပ်ငန်းကြီးကျယ်မှုကိုလိုက်ပြီး အခွန်ကောက်ခံရတာဖြစ်တယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ အွန်လိုင်းအခြေစိုက် လုပ်ငန်းတွေ၊ ကြော်ငြာတွေနဲ့ ပစ္စည်းရောင်းချမှုတွေကို တရားဝင် လုပ်ကိုင်ခွင့်ပေးထားပြီး အဲ့ဒီကုမ္ပဏီတွေရဲ့ ဝင်ငွေနဲ့ အွန်လိုင်းပေါ် သတင်းအချက်အလက်ဖြန့်ဝေတဲ့အပေါ်မှာ မူတည်ပြီး အခွန်ငွေပြန်ကောက်ခံတဲ့စနစ်ကို ကျင့်သုံးနေတာဖြစ်ပါတယ်။

အချို့ကုမ္ပဏီတွေ ဥပမာ အမေဇုံကုမ္ပဏီဆိုရင် သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းဝယ်တဲ့အခါ ဝယ်သူနဲ့ သူတို့ကြား ငွေပေးချေမှုမှာ ဒစ်ဂျစ်တယ်ကြားခံနဲ့ လုပ်ဆောင်တာကြောင့် အခြားကုမ္ပဏီတွေထက် သက်ဆိုင်ရာ နိုင်ငံကို အခွန်ပိုမိုပေးဆောင်ရလေ့ရှိပါတယ်။

ပြင်သစ်နိုင်ငံရဲ့ အွန်လိုင်းအခွန်စနစ်ဟာ ဈေးရောင်းချမှုအပေါ်မှာ နိုင်ငံသားတွေရဲ့ အချက်အလက်ကို ရယူတာအတွက် အခွန်ငွေတိုးကောက်ခံပြီး တစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာအာမခံချက်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်