ဘားအံ-ကော့ကရိတ်လမ်းပိုင်း ပြင်ဆင်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်

မော်လမြိုင် မတ်

ကရင်ပြည်နယ် ဘားအံ-ကော့ကရိတ်လမ်းပိုင်း ပြင်ဆင်မှုလုပ်ငန်းများကို လာမည့်အပတ်အတွင်း စတင်ကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖေဖော်ဝါရီ ၂၅ရက်တွင် ပြောကြားခဲ့သည်။

လမ်းခင်းကျောက်ရယူရန်အတွက် အချိန်ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အရည်အသွေးပြည့်မီသော ကျောက်ကို ရရှိခဲ့ပြီးဖြစ်သောကြောင့် လုပ်ငန်း ပြန်လည် စတင်မည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

“ကျောက်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်။ ADB ရုံးချုပ်ကလည်း ဒေသခံတွေလက်မခံတဲ့အတွက် မလုပ်ခိုင်းဘဲ အခု တွေ့ထားတဲ့ ကျောက်ရဲ့ အရည်အသွေးကို သုတေသန လုပ်ထားတယ်၊ အရည်အသွေးပြည့်မီတဲ့အတွက် လုပ်ငန်းကို အရှိန်အဟုန်နဲ့ စတင်လုပ်ဆောင်တော့မှာပါ”ဟု ၎င်းက ပြောသည်။

မြဝတီ- ကော့ကရိတ်လမ်းပိုင်းကို ပြည်နယ်အစိုးရ၏ အကူအညီဖြင့် အဆင့်မြှင့်တင် ဆောက်လုပ်နိုင်ခဲ့ပြီး အိန္ဒု ကော့ကရိတ် လမ်းပိုင်း ၆၆.၄ကီလိုမီတာကို အဆင့်မြှင့်တင်ရန်အတွက် ADB ချေးငွေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဆက်လက်ပြောသည်။

အဆိုပါ လမ်းအဆင့်မြှင့်တင်ရန်အတွက် ကုမ္ပဏီ သုံးခုမှာ တင်ဒါအောင်မြင်ခဲ့ပြီး ၂ဝ၁၇ခုနှစ်တွင် စတင်အကောင်အထည်ဖော်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဒုတိယ ဝန်ကြီးက ထပ်မံပြောသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၊ ၁၇ ရက်မြောက်နေ့ အစီအစဉ်တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်၏’ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်ပေါက်သို့ ဆက်စပ်ပေးမည့် ကော့ကရိတ် – ဘားအံ လမ်းပိုင်းကို အဆင့်မြှင့်တင်ပေးရန် မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းမှုကို ဖြေရာရာတွင် ဒုတိယ ဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က “ဘားအံ- ကော့ကရိတ် လမ်းပိုင်းသည် တစ်ဆက်တည်း ကောင်းမွန်လာပါက နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ပေါက်တစ်ခု ပွင့်လင်းလာမှာဖြစ်တယ်”ဟု ပြောသည်။ နိုင်ငံနှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် မေးခွန်းဖြစ်သောကြောင့် မေးမြန်းရခြင်းဖြစ်ကြောင်းလည်း ပြောသည်။ အဆိုပါ လမ်းပိုင်းပြင်ဆင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် လူနည်းစုထက် လူများစုဖြစ်သော ဒေသခံပြည်သူများ၏ အကျိုးကို ရှေ့ရှုကာ ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။

ထိုက်ထိုက်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်