ကွီးကျယ်ရေတံခွန်သွား မြေသားလမ်း လာမည့်ဘဏ္ဍာနှစ်တွင် ဖောက်လုပ်မည်

85
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေး

မော်လမြိုင် မတ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့ ကွီးကျယ်ကျေးရွာရှိ ကွီးကျယ်ရေတံခွန်သို့ သွားသည့်လမ်းမှ ကျန်ရှိသော လမ်း နှစ်မိုင်ကို မြေသားအမာခံ လမ်း ဖောက်လုပ်နိုင်ရန် လာမည့် ၂ဝ၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် ထည့်သွင်းတင်ပြသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

“ကွီးကျယ်ရေတံခွန် လေးမိုင် နှစ်ဖာလုံမှာ နှစ်မိုင်က ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတယ်၊ ကျန်တဲ့ နှစ်မိုင် နှစ်ဖာလုံက နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်မှာရှိတယ်၊ ကျန်နေတဲ့ လမ်းပိုင်းကို လုပ်ဆောင်နိုင်ဖို့ လာမယ့်နှစ် ရန်ပုံငွေမှာ ထည့်သွင်းရေးဆွဲသွားမယ်”ဟု ၎င်းက ပြောသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဖေဖော်ဝါရီ ၂၅ရက်၌ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေး မေးမြန်းသည့် ကျန်ရှိနေသော ကွီးကျယ်ရေတံခွန်လမ်း နှစ်မိုင်အား မြေသားလမ်း လုပ်ဆောင်ပေးရန်နှင့် ပေ ၃ဝ တံတား တစ်ခု ဆောက်လုပ်ပေးရန် ရှိ၊မရှိ မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကွီးကျယ် ရေတံခွန်လမ်းသည် လေးမိုင် နှစ်ဖာလုံ ရှည်လျားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း နှစ်မိုင်အား မြေသားအမာခံလမ်း ဆောင်ရွက်ပေးခဲ့ပြီဖြစ်ကြောင်း ၊ ၂ဝ၂ဝ-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ကျောက်ချောလမ်း လုပ်ဆောင်ပေးရန်အတွက် ထည့်သွင်းရေးဆွဲထားကြောင်း ဆက်လက်ပြောသည်။

ကျန်ရှိနေသော နှစ်မိုင် နှစ်ဖာလုံမှာ နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်တွင်ရှိသောကြောင့် လာမည့် ၂ဝ၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင် မြေသားအမာခံလမ်း ဖောက်လုပ်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေ၌ ထည့်သွင်း ရေးဆွဲကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

ကွီးကျယ်ရေတံခွန်လမ်းတွင် ကျန်ရှိနေသော လမ်းပိုင်းမှာ လှည်းလမ်းသာသာခန့်သာ ရှိသည့်အတွက် အပန်းဖြေလာရောက်ကြမည့် ခရီးသွားဧည့်သည်များ သွားလာရအဆင်ပြေစေရန် မြေသားလမ်းအမာခံနှင့် ပေ ၃ဝတံတားတစ်ခုကို ဆောက်လုပ်ပေးရန် ဒေါ်နန်းမိုးမိုးထွေးက ပြောသည်။

“အရင်တုန်းက ပြည်တွင်းစစ်ဘေးဒဏ်အခံရဆုံးမြို့ဖြစ်ခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင် ရေတံခွန်အလှတွေကို မတွေ့ခဲ့ကြဘူူး၊ အခုတော့ နယ်မြေအေးချမ်းမှုကြောင့် ခရီးသွား ပြည်သူတွေက လာရောက်လည်ပတ်ကြပြီဖြစ်တယ်၊ လမ်းခရီးသာရင် ပိုပြီးဝင်ရောက်လာကြမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြည်တွင်းခရီးသွားပြည်သူများသာမက ပြည်ပ ခရီးသွားများပါ ပိုမိုဝင်ရောက်မှုများလာပါက ဒေသဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်