မွန်ပြည်နယ်အစိုးရရုံးရှိ နာရီစင်ကို လုံခြုံရေးအရ လေ့လာခွင့်မပြု

မော်လမြိုင် မတ်

မွန်ပြည်နယ်အတွင်း ကိုလိုနီခေတ် လက်ကျန် အဆောက်အဦများကို အနီးကပ်လေ့လာခွင့်ရရန် ဆောင်ရွက်ပေးမည်ဖြစ်သော်လည်း ပြည်နယ်အစိုးရရုံးအတွင်းရှိ နာရီစင်ကို လုံခြုံရေးအရ လေ့လာခွင့်ပြုမည် မဟုတ်ကြောင်း မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူု့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ဖေဖော်ဝါရီ ၂၈ရက်တွင် ပြောကြားသည်။

ပြည်နယ်အတွင်း ကိုလိုနီခေတ် အဆောက်အဦများစွာ ကျန်ရှိနေသော်လည်း မော်လမြိုင်မြို့ရှိ သစ်တောဦးစီးရုံးနှင့် စတုတ္ထသမီးတော်အဆောင်တို့သည် ကန့်သတ်နယ်မြေဖြစ်သည့်အတွက် လည်ပတ်လေ့လာမည်ဆိုပါက မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ကြောင်း ဆက်လက်ပြောသည်။

“မွန်ပြည်နယ်အတွင်းက ကိုလိုနီအဆောက်အဦတချို့ကို အနီးကပ်လေ့လာခွင့် ပေးဖို့ကတော့ ဆောင်ရွက်ပေးနိုင်ပေမယ့် တချို့အဆောက်အဦတွေက ကန့်သတ်နယ်မြေတွေ ဖြစ်နေတယ်၊ အစိုးရအဖွဲ့ရုံးက နာရီစင်ကတော့ လုံခြုံရေးအရ လုံးဝခွင့်ပြုပေးလို့မရပါဘူး”ဟု ၎င်းက ပြောသည်။

ကျန်ရှိနေသော ကိုလိုနီ အဆောက်အဦအချို့ကို ခရီးတိုအဖြစ် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဖြစ်သော ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ အဆောက်အဦများနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို ပြုစုပေးရမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရှေးဟောင်းအဆောက်အဦများကို လည်ပတ်လေ့လာခွင့်ပြုပါက ပြည်တွင်း ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိမည်သာမက ဝင်ငွေလည်း ရရှိလာမည်ဖြစ်ကြောင်း သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ခရီးသွားအဖွဲ့တွေက ဘယ်နေရာကို ခရီးတိုသွားချင်တယ်ဆိုပြီးဆွဲတာထက် ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေက မွန်ပြည်နယ်မှာတော့ ဘယ်နေရာ၊ ဘယ်အဆောက်အဦတွေကို လေ့လာခွင့်ပြုထားတယ်ဆိုပြီးတော့ အရင်ချပြပေးသင့်ပါတယ်”ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့သည် ၁၈၂၇ ခုနှစ်ကတည်းက အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့သောကြောင့် ကိုလိုနီခေတ်လက်ကျန် အဆောက်အဦများစွာ ကျန်ရှိခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုကို ပြသနိုင်သော လက်ရာများစွာရှိကြောင်း ဆက်လက်ပြောသည်။

ပြည်နယ်အစိုးရရုံးဝင်း အတွင်းရှိ နာရီစင်မှာ အင်္ဂလန်ဘုရင် Edward VII အား ဂုဏ်ပြုသည့်အနေဖြင့် ၁၉၁၂ခုနှစ်တွင် မြန်မာနိုင်ငံ၌ အစောဆုံး စတင်ဆောက်လုပ်ခဲ့သော အဆောက်အဦတစ်ခု ဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply