ထားဝယ် – ထီးခီး နှစ်လမ်းသွား ဖောက်လုပ်ရန် လေ့လာဆန်းစစ်နေ

116
ပုံစာ - ထားဝယ်-ထီးခီးလမ်းအပေါ်ရှိ မေတ္တာတံတားကို တွေ့ရစဉ်

ထားဝယ် မတ်

ထိုင်း-မြန်မာနယ်စပ် ထီးခီးမှ ထားဝယ်အထူးစီးပွားရေးဇုန်အထိ ရှိရင်းစွဲ မြေသားလမ်းကို ထိုင်းနိုင်ငံမှ Neighbouring Countries Economic Development Cooperation Agency-NEDA) ဖက်မှ လေ့လာဆန်းစစ်မှုများ ယခုလတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဆောက်လုပ်ရေးနဲ့NEDAက လမ်းပိုင်းကိုလက်မှတ်ထိုး ပြီးဆောင်ရွက်နေတယ်၊ လောလောဆယ်တော့ NEDA ဖက်က လမ်းကိုပြန်လေ့လာမယ်ဆိုပြီးတော့ လမ်းကိုစစ် နေတယ်”ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော် မတီ ဒု ဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ဆိုသည်။

ထိုင်းနိုင်ငံ လမ်းတံတားဌာန (DOH)၏ အဝေးပြေးလမ်းဒီဇိုင်း စံနှုန်း အဆင့်(၄) နှင့်အညီ နှစ်လမ်းသွား နိုင်လွန် ကတ္တရာလမ်းကို NEDAချေးငွေ ဘတ် သန်း ၄၅၀၀ ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူများက သတင်းမီဒီယာများကို ယခင်က ပြောဆိုထားသည်။

အဆိုပါလမ်းနှင့်ပတ်သက်၍ NEDAမှ ပညာရှင်များက လေ့လာဆန်းစစ်ပြီးချိန် စက်တင်ဘာလကုန်ခန့်တွင် အစီရင်ခံစာတင်ပြပြီးလျှင် မြန်မာအစိုးရနှင့် NEDAတို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက် တင်ဒါခေါ်မည်ဟု ၎င်းထံမှသိရသည်။ ယင်းသို့ တင်ဒါခေါ်ယူပြီးနောက် လာမည့်နှစ် ၂၀၂၀အစောပိုင်းတွင် လမ်းဖောက်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဒေါက်တာမြင့်ဆန်းက ပြောသည်။

ယခင် ဖောက်လုပ်ထားသောမြေသားလမ်းရှိ နေရာအချို့တွင် တောင်ကုန်းများ မတ်စောက်ခြင်းနှင့် လမ်းအကွေ့အကောက်များကြောင့် ယာဉ် မတော်တဆမှုများ ဖြစ်ပွားလေ့ ရှိသည်။

ယင်းလမ်းမှာ ကျေးရွာ ၁၅ရွာကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း၊ လမ်းဖောက်လုပ်ရေးအတွက် မြေ ဧက ၁၅၀၀ ကျော်ကို ရှင်းလင်းသွား ရမည်ဖြစ်ကြောင်း TEAM GROUPမှ ပြုစုထားသော နှစ်လမ်းသွား စီမံကိန်း အတွက် ပတ်ဝန်းကျင်နှင့် လူနေမှုဘဝအပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း အချက်အလက်များအရ သိရသည်။

လမ်းဘေးဝဲယာရှိ သစ်တော ၄၅၆ ဧက မှ သစ်ပင်များကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ယင်းဧရိယာအတွက် သစ်တောပြန်လည် ထူထောင်ခြင်း၊ မျိုးသုဉ်းမည့် အန္တရာယ် ကျရောက်နေသောအပင်မျိုးစိတ်၅မျိုးကို ရွှေ့ပြောင်းခြင်းများ ပြုလုပ်မည်ဟုလည်း သိရသည်။

ဖော်ပြပါ နှစ်လမ်းသွား လမ်းမပေါ်တွင် ယာဉ်အသုံးပြုခ ကောက်ခံရာ နေရာ ၄ခု၊ ဝန်ဆောင်မှုစင်တာ ၁ ခု၊ နားနေဆောင် ၁ ခု တည်ဆောက်သွားမည်ဟု ယခင် ရေးဆွဲထားသည့် လမ်းစီမံကိန်းဒီဇိုင်းတွင် ဖော်ပြထားသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်