မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့၌ ဖြေဆိုသူ ၉၄.၂၅ ရာခိုင်နှုန်းရှိ

မော်လမြိုင် မတ်

မွန်ပြည်နယ်တွင် ယခုနှစ် မတ်လ ၆ ရက်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့တွင် ၉၄.၂၅ ရာခိုင်နှုန်း လာရောက်ဖြေဆိုကြကြောင်း မွန်ပြည်နယ်ပညာရေးဦးစီးဌာနက ထုတ်ပြန်သော စာရင်းအရ သိရသည်။

ပြည်နယ်တွင် ဖြေဆိုခွင့်ရှိသူ ၃ဝ၅၇၉ ဦး ရှိသော်လည်း လာရောက်ဖြေဆိုသည့်ဦးရေ ၂၈၈၂၁ ဦး ရှိခဲ့ကြောင်း၊ ၁၇၅၈ ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း စာရင်းတွင် ဖော်ပြထားသည်။

မြန်မာစာ ဘာသာရပ်ကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ကြောင်း အ.ထ.က(၁) စာဖြေဌာန၌ လာရောက်ဖြေဆိုသူ(ပြင်ပဖြေ) မဝတ်ရည်ခိုင်က ပြောသည်။

“မဖြေခင်ကတော့ စိုးရိမ်တာပေါ့နော်၊ မေးခွန်းမြင်မှပဲ စိတ်အေးသွားတယ်။ အကုန်လုံးဖြေနိုင်ပါတယ်။ သမီးကတော့ ရွေးမကျက်ဘူး၊ အကုန်ကျက်တယ်။ မြန်မာစာကိုတော့ အကုန်ဖြေနိုင်ကြပါတယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၇ရက်တွင် ဖြေဆိုရမည့် အင်္ဂလိပ်စာဘာသာရပ်အတွက် လေ့လာကျက်မှတ်နေပြီး ကောင်းမွန်စွာ ဖြေဆိုနိုင်မည်ဟု ယုံကြည်ကြောင်း ဆက်လက်ပြောသည်။

အ.ထ.က(၁) မှ ကျောင်းသား မောင်ကြည်လွင်ဦးကလည်း “ကျွန်တော်ကတော့ မြန်မာစာမှာ ဖြေရတာအားရတယ်။ ဖြေလည်း ဖြေနိုင်တယ်။ လာမယ့် ဘာသာရပ်တွေကိုလည်း ဒီနေ့လိုပဲ အေးအေးဆေးဆေး ဖြေနိုင်အောင် ကြိုးစားရမှာပေါ့”ဟု ပြောသည်။

ယခင်နှစ်က မွန်ပြည်နယ်အတွင်း စာစစ်ဌာန ၅၆ ခု ရှိသော်လည်း ယခုနှစ်တွင် ၆၂ခု ထိ တိုးလာခဲ့ပြီး မော်လမြိုင် အ.ထ.က (၁၂)၊ သံဖြူဇရပ် အ.ထ.က(ဝဲခနိ)၊ ပေါင် အ.ထ.က သဲကုန်း၊ သထုံ အ.ထ.က မရမ်းကုန်း၊ သထုံ အ.ထ.က ပုတိန်ရိုးဖော်ဖ နှင့် ဘီးလင်း အ.ထ.က ဇုတ်သုတ်တို့ ပါဝင်သည်။

မတ်လ ၇ရက်တွင် အင်္ဂလိပ်စာ၊ ၈ရက်တွင် သင်္ချာ၊ ၉ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ ၁၁ရက်တွင် ဓာတုဗေဒ၊ ၁၂ရက်တွင် ရူပဗေဒ၊ ၁၃ရက်တွင် ဇီဝဗေဒ(သို့) ဘောဂဗေဒ၊ ၁၄ရက်တွင် ပထဝီဝင် နှင့် ၁၅ရက်တွင် သမိုင်းဘာသာရပ် အသီးသီးဖြေဆိုသွားမည်ဖြစ်သည်။

ထိုက်ထိုက်

Leave a Reply