လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မော်လမြိုင်ခရိုင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုလတ်နှင့် တွေ့ဆုံမေးမြန်းခြင်း

“ကိုယ့်ဌာနနဲ့ သက်ဆိုင်တဲ့ ဘယ်လုပ်ငန်းကိစ္စမဆို ကာယကံရှင်ကိုယ်တိုင်လာပါ။ အားလုံးဆောင်ရွက်ပေးပါ့မယ်။ မလုပ်ပေးတာ လုံးဝမရှိပါဘူး။ လုပ်ပေးမယ်။ ဒါပေမယ့် လိုအပ်တဲ့ အထောက်အထားအပြည့်အစုံတော့ ယူဆောင်လာပါ”

မွန်ပြည်နယ်အတွင်း သွေးနှောများ အပါအဝင် တိုင်းရင်းသား ပြည်သူများ နိုင်ငံသား စိစစ်ရေးကတ်၊ မွေးတိုးနှင့် အိမ်ထောင်စုစာရင်းများ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေနဲ့ လက်ရှိအချိန်မှာ ဘယ်လိုစီမံချက်တွေနဲ့ မြန်မာနိုင်ငံအတွင်းနေထိုင်တဲ့ ပြည်သူလူထုတွေရဲ့ နိုင်ငံသား စိစစ်ရေးကတ်၊ မွေးတိုးနှင့် အိမ်ထောင်စုစာရင်းတွေကို လုပ်ဆောင်ပေးနေတယ်ဆိုတာ အများပြည်သူသိရှိအောင် ရှင်းပြပေးပါဦး။

ဦးကိုကိုလတ်။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ် လမ်းညွှန်ချက်နဲ့ နောက်တစ်ခုက သစ္စာစီမံချက်လည်းရှိတော့ တိုက်ဆိုင်တဲ့အခါမှာ ကျောင်းတွေကို ၂၀၁၇- ၁၈- ၁၉ ခုနှစ်တွေမှာ ဦးစားပေးဆောင်ရွက်ခဲ့တယ်။

ကျောင်းစုစုပေါင်း ၃၉၄ ကျောင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၉,၀၀၀ ဦးကျော်ကို နိုင်ငံသားစိစစ်ရေးကတ်တွေ လုပ်ဆောင်ပေးခဲ့တဲ့အပြင် ရပ်ကွက်တွေဆီ ကွင်းဆင်းပြီး အိမ်ထောင်စု စစ်ဆေးခြင်း၊ မွေးတိုး၊ နိုင်ငံသားစိစစ်ရေးကတ်တွေ ဆောင်ရွက်ပေးခဲ့တယ်။

ဟင်္သာမီဒီယာ။ ။ အခုလို စီမံချက်အနေနဲ့ ရော ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုတွေနဲ့ ကွင်းဆင်းပြီး လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိတာ တွေ့မြင်ခဲ့ရပါသလဲ။

ဦးကိုကိုလတ်။ ။ အခက်အခဲတွေကမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဆောင်ရွက်တော့မယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ အကြောင်းကြားတယ်။ ဘယ်နေ့လာမယ်။ နိုင်ငံသားစိစစ်ရေးကတ်၊ မွေးတိုးနဲ့ သန်းခေါင်းစာရင်းတွေလုပ်ဖို့ ဘယ်လိုအထောက်အထားတွေလိုအပ်လဲဆိုတာတွေ၊ ကြိုတင်အသိပေးအကြောင်းကြားပေးထားပြီးသားပါ။

သွားရောက်လုပ်ဆောင်ပေးတဲ့အခါမှာ ပြည်သူတွေက ဓာတ်ပုံတွေပါ တစ်ခါတည်း သူတို့ဘာသာ အဆင်သင့်လုပ်ထားပြီးသာ။ အဲလိုလုပ်ဆောင်ထားတာတွေ မှန်မမှန် ရုံးစာအုပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆောင်ရွက်ပေးခဲ့တယ်။

ဟင်္သာမီဒီယာ။ ။ သွေးနှောတွေ နိုင်ငံစိစစ်ရေးကတ် လျှောက်ထားမှုနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးရဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး မေးခွန်းမေးမြန်းခဲ့အပေါ် ဆရာတို့ဌာနအနေနဲ့ရော ဆောင်ရွက်ထားမှု အခြေအနေကို ရှင်းပြပေးပါဦး။

ဦးကိုကိုလတ်။ ။ အဓိကတော့ လာရောက်ဆောင်ရွက်တဲ့နေရာမှာ ကာယကံရှင်ကိုယ်တိုင်လာရောက်ပြီး သက်ဆိုင်တဲ့ မြို့နယ်ရဲ့ အကြီးဆုံးတာဝန်ရှိသူ၊ တွေ့ဆုံရမယ်ဖြစ်တယ်။ ဒါမှမဟုတ်ဘဲ ပွဲစားနဲ့ လာတဲ့အတွက် ပွဲစားရဲ့ မဟုတ်က ဟုတ်ကပြောခြင်းကိုခံရမယ်။

ကာယကံရှင်က ရုံးက တာဝန်ရှိ ဝန်ထမ်းနဲ့ မတွေ့ဘူး။ ပြောချင်တာ ကာယကံရှင်ကိုယ်တိုင်လာတယ်။ လာပြီးရင် သက်ဆိုင်တဲ့ အကြီးအကဲနဲ့ တွေ့ဖို့လိုပါတယ်။
အဓိက တစ်ခုခုလုပ်ဆောင်တော့မယ်ဆိုရင် ကာယကံရှင်ကိုယ်တိုင်လာပါ။ သက်ဆိုင်တဲ့ တာဝန်ရှိသူ အကြီးအကဲနဲ့ တွေ့ပါ။

မိမိဘက်ကလည်း မိမိလုပ်ဆောင်ရမယ့် စာရွက်စာတမ်းအထောက်အထားအပြည့်အစုံ လုပ်ဆောင်ယူလာပါ။ (ဥပမာ- နိုင်ငံသားစိစစ်ရေးကတ်လျောက်မယ်ဆိုရင် အဖေ၊ အမေ၊ မှတ်ပုံတင်မိတ္တူ၊ ဒါမှမဟုတ် အဖိုး၊ အဖွားမှတ်ပုံတင်မှတ်မိတ္တူ အဲဒါမှမရရင် သူတို့တွေရဲ့ နံပါတ်လေးပြောပြနိုင်တယ်ဆိုရင် ရုံးမှာရှိနေတဲ့ မှတ်တမ်းထဲရှာပေးလို့ရတယ်။) အဲဒီလို တိုက်ဆိုင်စစ်ဆေးပြီး လုပ်ရင် အချိန်ကြန့်ကြာတာမရှိဘဲ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးနိုင်တာပေါ့။ ဘာမှလည်း မပါဘူး။ အဖေနာမည်လည်း မသိဘူး။ အဖိုးအဖွားနာမည်တောင် မသိတဲ့အခါကျတော့ ဘယ်လိုမှ လုပ်ဖို့ အဆင်မပြေနိုင်ဘူး။

ဟင်္သာမီဒီယာ။ ။ သွေးနှောတွေအနေနဲ့ အမိ၊ အဖတွေဆီမှာ (နိုင်) ကတ်တွေရှိပါလျက်နဲ့ သူတို့တွေရဲ့ သားသမီးတွေ (နိုင်) ကတ်တွေလျောက်ထား ပြုလုပ်တဲ့ နေရာမှာ အချိန်ကြန့်ကြာမှုတွေ၊ ဘာဖြစ်လို့ ရှိနေရတာလဲ။ အဲလိုကြန့်ကြာမှုရှိရတာ ဘယ်လိုအခက်အခဲတွေကြောင့် ဆိုတာ ပြောပြပေးပါဦး။

ဦးကိုကိုလတ်။ ။ အဖေ၊ အမေမှာ နိုင်ငံသားစိစစ်ရေးကတ်ရှိတဲ့ဆိုရင် သားသမီးတွေအနေနဲ့ နိုင်ငံသားစိစစ်ကတ် လာရောက်လျောက်ထားလုပ်ဆောင်တဲ့နေရာမှာကြန့်ကြာတယ်ဆိုတာမရှိပါဘူး။ တစ်ချို့မြို့နယ်မှာ လူများတော့ ဝန်ထမ်းတစ်ဦးက ပြည်သူ ၁၅ ဦးအတွက် လုပ်ဆောင်ပေးနေရတယ်။ အဲဒီအထဲမှာ သွေးနှောတွေ တိုင်းရင်းသားတွေရှိမယ်။ တိုင်းရင်းသားတွေကတော့ မြန်တာပေါ့။

သွေးနှောတွေကျတော့ ပြန်ပြီး စိစစ်ရတာတွေရှိတယ်။ မှန်နေပေမယ့်လည်း စိစစ်ရတယ်။ တစ်ချို့ကျတော့ မမှန်မကန်ပါလာတဲ့ ကတ်ပြားတွေရှိနေတော့ ပြန်စိစစ်ရတဲ့ အပိုင်းတွေရှိတယ်။ မြို့နယ်မှာဆို ဌာနက သတ်မှတ်ထားတာ ၄၅ ရက်ပါ။ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ ပြည်နယ်အဆင့်ဆင့်ရှိတာပေါ့။

သွေးနှောတွေနဲ့ ပတ်သက်ပြီး မြို့နယ်က လက်မှတ်ထိုးပေးပိုင်ခွင့် မရှိဘူး။ ခရိုင်ကစိစစ်ပြီး လက်မှတ်ထိုးပေးမယ်။ စိစစ်ပြီး ပြည်နယ်တင်မယ်။

ဟင်္သာမီဒီယာ။ ။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေထဲမှာမှ သွေးနှောဖြစ်သူတွေအချို့က နိုင်ငံသားစိစစ်ရေးကတ် (နိုင်) ကတ်ပြား ကိုင်ဆောင်ထားပြီး အသက် ၁၈ နှစ်ပြည့် ပြန်လဲတဲ့နေရာမှာ လွယ်လွယ်ကူကူ မရရှိဘဲ အချိန်ကြန့်ကြာနေတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ဦးကိုကိုလတ်။ ။ အဓိကတော့ ကာယကံရှင်အပေါ်မူတည်တယ်။ အသက် ၁၈ နှစ်ပြည့်ပြီးဆိုရင် လဲရမှာ ကယာကံရှင်တာဝန်ပေါ့။ မနက်ဖြန် တစ်ဘက်ခါဘွဲ့ယူရမယ်။

အခုချက်ချင်းလာလဲတယ်ဆိုတော့ ဒါက သူတု့ိရဲ့ ချို့ယွင်းချက်ပေ့ါ။ အမှန် ၁၈ နှစ်ပြည့်တာနဲ့ လာရောက်လဲလှယ်လိုက်မယ်ဆိုရင် အများဆုံး ၄၅ ရက်ပေါ့။ ၄၅ ရက်ဆိုတာ သတ်မှတ်ချက်ပါ။ တစ်ကယ်တမ်း အဲလောက်တော့ မကြာပါဘူး။ အထောက်အထားပြည့်စုံတာ စိစစ်ပြီးရင် မြို့နယ်မှာလည်း မထားခိုင်းဘူး။ ချက်ချင်းတင်ပြခိုင်းထားတယ်။ အဲတော့ ၁၀ ရက်လောက်အတွင်းတောင် ရခဲ့တာတွေရှိပါတယ်။

ချက်ချင်းလုပ်ပေးဖို့ကျတော့ ရုံးမှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့ ပြန်စစ်ဆေးမှုအပိုင်းတွေမှာ အခက်အခဲတွေရှိတာပေါ့။ မလုပ်ပေးတာမဟုတ်ဘူး။ လုပ်ပေးတာပဲ။ ဒီနေ့ယူချင်တယ်။ ချက်ချင်းလုပ်ပေးရမယ်ဆိုတာကတော့ အဆင်မပြေနိုင်ဘူူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ ယခင်ကတည်းက ညွှန်ကြားချက်ပေးပို့ချပြရှင်းလင်းဆောင်ရွက်ပြီးသားပါ။

ငွေရေး ကြေးရေးနဲ့ ပတ်သက်လို့ လုံးဝ (လုံးဝ) ပြောစရာမလိုဘူး။ အခုလို ဖြစ်ခဲ့တာကလည်း ဝန်ထမ်းရဲ့ ချို့ယွင်းချက်ပေါ့။ ဒါကိုလည်း သက်ဆိုင်တဲ့ မြို့နယ်ကို အားလုံးပြန်စိစစ်ဖို့ ဆောင်ရွက်ဖို့ လုပ်ဆောင်ထားပြီးပါပြီ။

ဟင်္သာမီဒီယာ။ ။ ပြည်သူတွေအနေနဲ့ နိုင်ငံသား စိစစ်ရေးကတ်၊ မွေးတိုးနဲ့ အိမ်ထောင်စုစာရင်းတွေ လုပ်ဆောင်တဲ့နေရာမှ တစ်ဆင့်ခံပွဲစားတွေကပြီး ငွေကြေး ပစ္စည်းတောင်းခံမှု မရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေနဲ့ ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ။

ဦးကိုကိုလတ်။ ။ ယခင်ကတည်းကလည်း ရုံးရှေ့ကမှာ ဆိုင်းဘုတ်ထောင်ထားပါတယ်။ ပြည်နယ်ဝန်ကြီး ဦးဝဏ္ဏကျော်ရဲ့ ဖုန်းနံပါတ်နဲ့ ပြည်နယ်ညွှန်းမှူး ဖုန်းနံပါတ်တွေ ရေးသားဖော်ပြပေးထားတယ်။

လုံးဝမကျေနပ်ဘူးဆိုရင် ခရိုင်၊ ပြည်နယ်ကို တိုက်ရိုက်လာရောက်တိုင်ကြားလို့ ရပါတယ်။ ချက်ချင်းဖြေရှင်းပေးပါ့မယ်။

ဟင်္သာမီဒီယာ။ ။ ဆရာတို့ ဌာနအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ပြည်သူတွေကို အသိပေးပြောချင်တဲ့ စကားများရှိရင် ပြောပေးပါအုံး။

ဦးကိုကိုလတ်။ ။ အဓိကပြောချင်တာ နိုင်ငံသား စိစစ်ရေးကတ်ဖြစ်ဖြစ်၊ မွေးတိုးနဲ့ အိမ်ထောင်စုစာရင်းတွေဖြစ်ဖြစ်၊ ကိုယ်ဌာနနဲ့ သက်ဆိုင်တဲ့ ဘယ်လုပ်ငန်းကိစ္စမဆို ကာယကံရှင်ကိုယ်တိုင်လာပါ။ အားလုံးဆောင်ရွက်ပေးပါ့မယ်။ မလုပ်ပေးတာ လုံးဝမရှိပါဘူး။ လုပ်ပေးမယ်။ ဒါပေမယ့် လိုအပ်တဲ့ အထောက်အထားအပြည့်အစုံတော့ ယူဆောင်လာပါလို့ ပြောကြား လိုပါတယ်။

ခေတ်မင်း

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်