တကယ့်အမှိုက်သရိုက်

ဆလိုင်းဂျစ်သိုး

ယနေ့ ဆီသပြေကျေးရွာ ငြုပ်ကောင်းလမ်းဆုံရှိ သံဖနောင့်ခန်းမတွင် အခမ်းအနားတစ်ခုကျင်းပ မည်ဖြစ်သည်။ ကျင်းပမည့်အခမ်းအနားအား(world café)ဟုအမည်ပေးထား၏။

ဆီသပြေရွာသားများ ကြားဘူးနေကျသည်ကား အလုပ်ရုံဆွေးနွေးပွဲသာဖြစ်သည်။ (world café) ကား ခေါင်းစဉ်ကဒ်ပြား ထောင်ထားသည့် စားပွဲတွင် အခန်းအနားတက်လာသူမှ ဆွေးနွေးချင်သည့် ခေါင်းစဉ်ရှိသည့် စားပွဲတွင်ဝင်ထိုင်ပြီး ဆွေးနွေးနိုင်မည်ဖြစ်သည်။

ယခုအခမ်းအနားဖြစ်မြောက်အောင်စီစဉ်သူကား ဆီသပြေ၏ မီဂါ့မီဂါစတား ဆလိုင်းဂျစ်သိုးဖြစ်လေ၏။ သူ၏အဓိက အားသာချက်သည်ကား မည်သူ့ကို၊ မည်သည့်အချိန်တွင်၊မည်သည့်အကြောင်းအရာဖြင့် ချဉ်းကပ်၊
မည်သို့မြှောက်ပင့်ပေါင်းလျှင်ရနိုင်မည်ဟူသော ၂၁ ရာစု၏ မိတ္တဗလဋီကာကို ကျွမ်းကျင် နိုင်နင်းသူဖြစ်ချေသည်။

သူနှင့်ပူးတွဲ၍ပွဲစီစဉ်သူကား ပန်ကာ့ထိပ်သီး ယိုးဒယားပြန် ဇာဇာဖြစ်သည်။
မိဇာတို့အရည်အချင်း ကလည်း သိပ်မညံ့လှချေ။ သူမ ဖိုးတွမ်တီးအမှုဖြင့် မထွေးနိုင်မအန်နိုင်ဖြစ်နေခိုက်၊ ကျေးရွာလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုခရက်တစ်တပ်ဦးအမည်ခံအဖွဲ့၏ အကူအညီကိုရယူကာ၊ ယိုးဒယားသို့ ဒိုးသွားသူဖြစ် သည်။

ထိုနိုင်ငံမှ လူမသိသူမသိဘွဲ့တစ်ခုယူခဲ့သည်ဆို၏။ သူမဆီသပြေရွာသို့ ပြန်ရောက်လာသည့်အခါ မည်သည့်အလုပ်မျှ မယ်မယ်ရရမလုပ်ပဲ ထိုသို့သော ပွဲအလီလီကို စီစဉ်နိုင်ခွင့်ပြုနိုင်သူများအား အလွမ်းသင့်အောင် ပေါင်းသင်းပြီး ဘာပွဲညာပွဲ စသည်တို့ကို စီစဉ်ရင်း၊ တိုက်ဆောက်ကားစီး ကြီးပွားနေသူဖြစ်သ တည်း။

သံဖနောင့်ခန်းမအတွင်းသို့ ပထမဆုံးဝင်လာသူကား ဇူဇကာ ကျော်လတ်ဖြစ်ချေ၏။ သူသည်အခန်း ထဲ ရောက်လျင်ရောက်ခြင်း ခန်းမတွင်းသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး၊ အမှိုက်သိမ်းစနစ်ဟု ခေါင်းစဉ်တပ် ထားသည့် စားပွဲဆီသို့ ခပ်သွက်သွက်လှမ်းလိုက်ကာ ချောင်ကျကျနေရာတွင်နေရာယူလိုက်သည်။ စားပွဲတွင် တည်ခင်းထားသည့် မုန့်ပန်းကန်အားလက်လှမ်းရင်း စတင်ဘုဉ်းပေးလေတော့၏။

ဇူဇကာကျော်လတ်သည်လည်းသိပ်ခေလှသူတော့မဟုတ်။ ပွဲတကာ့ပွဲတို့ကိုတက်ရင်းတည်ခင်း ထားသမျှ အားရပါးရ အဆက်မပြတ် ကြိတ်နိုင်သူတစ်ယောက်ဖြစ်၏။

ထို့ကြောင့်လည်း သူက “စားထားသ မျှ အမြန်ဆုံးအစာခြေနည်း လျိုဝှက်ချက်” ဟူသော အာရောဂျ ဆောင်းပါးပေါင်းချုပ် ရေးသားထုတ်ဝေရန် ကြံစည်နေသူဖြစ်သည်။

ထိုနေ့ကတော့ ဇူဇကာကျော်လတ်ကံဆိုးသွားရှာချေ၏။ သူစားပွဲသို့ ဒုတိယလူသားတစ်ဦးယောက် လာသည်။ ထိုသူကား ဆီသပြေကျေးရွာ၏ စူပါလူလွန် ဆရာချွန်ဖြစ်ချေသည်။ ဆရာချွန်ကား ” ကိုယ်ပိုင်အ မှိုက်သိမ်းစနစ် စတင်ကြ” ဟူသော စာတမ်းပါရှိသည့် တီရှပ်တစ်ထည်ကိုဝတ်ထားပြီး၊ အထူးစီမံချုပ်လုပ်ထားသည့် အမှိုက်သိမ်းအိတ်ကို ကျောပိုးထားသည်။

ထိုအိတ်နှင့်ပူးတွဲ၍ အမှိုက်ကောက်ချိတ်တစ်ခုကို လည်းချိတ်ဆွဲထား၏။ လည်ပင်းတွင်လည်း နို့ဆီခွက်တစ်လုံးကို ပြုပြင်ထားသည့် ဆေးလိပ်ပြာခံခွက်တစ်ခုကိုပိုးကြိုးလေးတစ်ချောင်းဖြင့် တွဲဆွဲထားသေး၏။သူသောက်နေကျ ဒေါ်တင်နုဖက်ဖြူလိပ်ကို ပြာချွေရန် ဖြစ်သည်။

နောက်ထပ်ရောက်လာသူများကား ကဝေပျံမယ်သီ၊ ဝိုင်းမျက်ရည်ဇော်ထူး၊ ဆန်းရှိတ်မောင်စိန်ခေါ၊ ပြောင်စတီး ဝေလျှံ၊ အနဲမောင်မောင်တို့ဖြစ်သည်။ သူတို့အားလုံး အသီးသီးနေရာယူပြီးကြသော်လည်း စားပွဲပေါ်မှအစားအသောက်များကိုလည်းမျက်လုံးဝေ့မကြည့်၊ဆွေးနွေးမည့်အကြောင်းအရာကိုလဲစိတ်မဝင်စား ဒီဇိုင်းဆန်းများနှင့် ပွဲတက်လာသည့် ဆရာချွန်ကိုသာ စိတ်ဝင်စားနေကြလေသည်။

ထိုအခိုက် မိမိစားပွဲမှထကာ ဆရာချွန်ထိုင်နေသည့်စားပွဲသို့ကူးလာသူကား ကဝေပျံမယ်သီဖြစ်၏။ လွတ်နေသည့် ကုလားထိုင်တစ်လုံးတွင် မိန်းကလေးပီပီ သိမ်သိမ်မွေ့မွေ့ ဝုန်း ကနဲထိုင်ချလိုက်ရင်း ခွင့် တောင်း လိုက်သည်။

” ထိုင်မယ်နော် ဆရာချွန်”

ဆရာချွန်ကလဲ သူ၏နို့ဆီခွက်အတွင်းသို့ ဖက်ဖြူလိပ်ပြာချွေချရင်း လမ်းမတော်ဖိုးတုတ်လေသံဖြင့် ခန့်ငြားစွာ ပြန်ပြောလိုက်သည်။

” အေး- – – – – ကောင်းပြီ ထိုင်ပါ။ ဒါပေမယ့် အမှိုက်တွေတော့ ယူမလာနဲ့ ”

ထိုအချိန်တွင် ဝိုင်းမျက်ရည်၊ ဆန်းရှိတ်၊ အနဲမောင်မောင်၊ ပြောင်စတီးတို့က ယောင်ပေပေဖြင့် ဆရာချွန်ထိုင်နေသည့် စားပွဲသို့ ဇွန်ဘီလမ်းလျောက်သလို နေရာကူးပြောင်းလာကြ၏။

သူတို့လာနေခိုက် ဇူဇကာကျော်လတ်မှ အစားသောက်များကို ပါးစပ်ပြည့်ဝါးထားရင်း ဝတ်ကျေ တန်းကျေ ဆွေးနွေးနေလေတော့သည်။

” တကယ်ဆိုရင် အမှိုက်ဟာ လူကဖြစ်လာတာပါ၊ ဒါကြောင့် လူတစ်ဦးချင်းစီ၊ ကိုယ့်အမှိုက်ကိုယ် တာဝန်ယူရင် အထွေအထူးသိမ်းနေဖို့မလိုပါဘူး။ကျုပ်ဖြင့်လေ ကိုယ့်ဆီကထွက်သွားမဲ့ အမှိုက်တွေကို နှမြောမိတယ်၊စားလို့ရရင်သိပ်ကောင်းမှာပဲလို့မကြာခဏတွေးမိတယ်၊ပလပ်စတစ်လိုအမှိုက်မျိုးကျတော့ စားသောက်မိရင် သခင့်အပေါ်သိပ်သစ္စာရှိတဲ့အကောင်တွေလိုမစင်တွဲလောင်းဖြစ်နေမှာစိုးရိမ်မိလို့သာ မစား ဖြစ်တာ၊ ဒါကြောင့် ပလပ်စတစ်အိတ်တွေကို စိတ်နာနာနဲ့ ဆီဗူးလွတ်ထဲကို ထောင်းထောင်းထည့်ထားလိုက် တာပဲ၊ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်လိုက်ရင်လေနှင်ရာလွင့်နေမဲ့ အရှုပ်တွေဖြစ်ကုန်မှာ စိုးလို့လေ၊ ဆီဗူးထဲ သွပ်ထည့်တော့ လေနှင်ရာမလွင့်တော့ဘူးပေါ့ဗျာ”

ဇူဇကာ ကျော်လတ်၏အဆိုကို ဝိုင်းမျက်ရည်ဇော်ထူးက၊ ဆရာကြီးလေသံဖြင့် ဆက်လက်ဆွေးနွေး လေတော့၏။

“ကျုပ်လဲထောက်ခံတယ်၊ အမှိုက်တွေကို၊ ယနေ့ခေတ်လူတစ်ချို့လို၊ ကိုယ်နဲ့ပတ်သက်တဲ့မိန်းက လေး ကိုယ်တွေနဲ့ပတ်သက်တဲ့ကလေးတွေကို ကိုယ်တိုင်တာဝန်မယူသလို မစွန့်ပစ်သင့်ပါဘူး။ထို့အတူပဲ ဘာလာလာ လက်ခံနေတဲ့ မိန်းကလေးတချို့လိုလဲပဲ အမှိုက်ပုံးတစ်ခုထဲကို အမှိုက်အားလုံးရောထွေးစွန့် ပစ်ဖို့လဲ မသင့်ပြနု် ဘူး။ ပုလင်းကွဲ၊ သံတိုသံစ၊ ပလပ်စတစ်၊ ဓာတု၊ စားကြွင်းဆိုပြီး၊ သီးခြားခွဲ စွန့်ပစ်ဖို့လို တယ်။ အခြားဆိုတဲ့ခေါင်းစဉ်တပ်ရမယ့် သစ်ရွက်၊ သစ်ကိုင်းတွေကိုတော့၊ ဇီဝမြေသြဇာလုပ်ချင်လုပ်၊ မြေ သင်းရအောင် မြေကြီးမီးဖုတ်တဲ့အခါ၊ မီးရှို့ချင်ရှို့ပေါ့လေ။ အဲဒီလို အမှိုက်အမျိုးအစားကို(၆)မျိုးခွဲထားသင့်တယ်”

ဝိုင်းမျက်ရည်ဇော်ထူးအပြီးတွင် ဆက်လက်ဆွေးနွေးသူကား ဆန်းရှိတ်စိန်ခေါဖြစ်သည်။

“ဒါပေါ့ဗျာ၊ ပုလင်း၊ ဖန်၊ မှန်၊ကြွေ စတဲ့ပစ္စည်းတွေကိုစွန့်ပစ်မယ်ဆိုရင်လဲ၊ သေသေချာချာ ထု ထောင်းသင့်တယ်၊ နောက်ပြီးရလျင် ရသလိုခွင်ဖန်တတ်တဲ့ ကျွန်တော့်အကျင့်အတိုင်း
အချို့အရက်ပုလင်း တွေကို ခင်ဗျားတို့ ပြန်ရောင်းသင့်တယ်ဗျ။ ဒါ Recycle ပြန်လုပ်တာပေါ့ဗျာ”

ထိုစဉ် အနဲမောင်မောင်မှ ဝင်ရောက်ဆွေးနွေးပြန်လေ၏။

” အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး၊ ခင်ဗျားတို့ ကျွန်တော်တို့၊ အမှိုက်သုံးလျှော့ချဖို့လဲလိုတယ်ဗျ။တကယ် ဆို အမှိုက်သုံးစွဲတဲ့စံချိန်ကို လာဘ်ပေးလာဘ်ယူလိုကို သဘောထားပြီးလျော့ချပစ်ရမယ်။ပြောကျတာတော့
လျော့ချမယ်ပေါ့။ ကိုယ့်ကိုကိုယ်တာဝန်ယူတဲ့သူနည်းလာတော့၊ အမှိုက်ပြန်များလာလိုက်တာများ၊ အမှိုက်သိမ်းဆည်းသူတွေတောင်မနိုင်ချင်တော့ဘူး”

ထိုအချိန်တွင် ကဝေပျံမယ်သီကလည်း ကုလားထိုင်မှ ဝုန်းကနဲထရပ်ရင်း၊ ဒေါသစွက်သော လေသံဖြင့် ဆက်လက်ဆွေးနွေးလေတော့၏။

” ရှင်တို့တွေ၊ အရေးကြီးတဲ့ အချက်တစ်ချက်လည်း ချန်ထားကြပြန်ပြီ၊ ပြန်လည်အသုံးချမှု(Reuse)ကို ပေါ့။ အမှိုက်သိမ်းစံနစ်ထဲမှာ ပြန်လည်အသုံးချမှုကလဲ တော်တော်အရေးပါတယ်နော်၊သိပ်ပြီးတော့လဲ တန်ဖိုးရှိတယ်။ ဥပမာ ပန်းပင်စိုက်ဖို့အိုးလေးတွေကို၊ ဆီဘူးတွေ၊ရေဗူးတွေနဲ့ ပြန်လုပ်ရင် အပိုငွေလဲ မကုန်တော့ ဘူး၊စွန့်ပစ်ပစ္စည်းတွေကလဲ ပြန်အသုံးချလို့ရသွားတာပေါ့။”

ပြောင်စတီးဝေလျှံကလဲ သူ့အယူအဆ အတွေးအမြင်များကို တင်ပြပြန်လေသည်။

” ကဲ ကဲ ခင်ဗျားတို့တင်ပြဆွေးနွေးကျတာလဲ အတော်ပြည့်စုံပါပေတယ်။
နောင်ဒီလိုပွဲမျိုးဖြစ် မြောက်အောင် ပွဲစီစဉ်သူတွေကို ကျွန်တော်တင်ပြတောင်းဆိုပါ့မယ်။ ဒီလိုပွဲမျိုးတွေက သိပ်အကျိုးရှိပါသော်ကောဗျာ။ ဆလိုင်းဂျစ်သိုးနဲ့ ယိုးဒယားပြန်ဇာဇာတို့ဆို တစ်နေ့ကို၃၀၀၀၀ိ/လောက်ရတယ်။ Facialitor ဆို ၁၅၀၀၀ိ/ နဲ့ ခင်ဗျားတို့ ကျွန်တော်တို့ဆို၊ ၉၀၀၀ိ/ ရပါသော်ကော။လဘက်ရည်လဲ ကြိုက်သလောက်သောက်လို့ရတယ်။ ထမင်းလဲစားရတယ်။ ဒီခေတ် ဒီလိုအခါမျိုးမှာ ဘယ်မှာရနိုင်ပါ့မလဲဗျာ။ ခုကိစ္စကိုလဲ ကျွန်တော် တို့မှာ လိုအပ်ကြောင်း
ကမ္ဘာ့ထောက်ပံ့ရေးအဖွဲ့ကို တင်ပြရမယ်လေ”

ထိုအခိုက် ဒေါသထွက်နေသော ရှုတင်းတင်းမျက်နှာနှင့် ဆရာချွန်က ဝင်ရောက်ဆွေးနွေးလေတော့ ၏။

” မျက်စေ့နဲ့တွေ့မြင်နေရတဲ့ အမှိုက်ကိစ္စတွေကိုပဲ ဒီစနစ်နဲ့စွန့်ပစ်ပါ ဟိုစနစ်နဲ့ စွန့်ပစ်ပါလို့ မောင်ရင် တို့ မယ်မင်းတို့က ဆွေးနွေးနေကျတယ်။ကိုယ်ပိုင်အမှိုက်သိမ်းစနစ်နဲ့ လူတိုင်းပါဝင်လာကြရင် အမှိုက်ဆို တာဘယ်လိုလဲလို့ မေးစရာဖြစ်အောင်ကို ပျောက်ကွယ်သွားနိုင်တယ်။ နောက်ပြီးအကြောင်းမျိုးစုံပြပြီး ကမ္ဘာ့ထောက်ပံ့ရေးအဖွဲ့က ပိုက်ဆံတောင်း၊ ပြီးတော့ ပြည်သူတွေကြားထဲ ဘာမှတိုးတက်အောင်မလုပ်နိုင်ပဲ နဲ့ ပွဲစီစဉ်သူတွေ၊
လက်ဝေခံနေ့စားခ မက်မောနေသူတွေပဲ အဆင်ပြေနေကြတဲ့ ဒီလုပ်ရပ်တွေတွက် စဉ်းစားကြည့်ရင် အင်မတန်ရှက်စရာကောင်းပါတယ်။ တနည်းပြောရရင် စည်းကမ်းမရှိတာ၊ သည်လိုပွဲမျိုးစီစဉ်၊ ဒီလို ပွဲမျိုးတွေတက်ပြီးတော့ ရွာအတွက် အကျိုးရှိအောင်ဘာမှမလုပ်ပြနိုင်ပဲနဲ့ ပွဲတက်လို့ ပေးတဲ့ငွေကိုလဲ မလိုချင်သယောင်ဆောင်ပြီး မျှော်လင့်နေကြတာ စိတ်ဓာတ်ပျက်ဆီးနေခြင်းပဲ။ ဒါဟာစိတ်ဓာတ်အမှိုက်ဖြစ်နေ တာပဲ။ကြာတော့ အရပ်ထဲက သာမှုနာမှုအစည်းဝေးတွေမှာတောင် လဘက်ရည်လောက်မှမပါရင် အစည်းအ ဝေးမတက်ချင်ကြတော့ဘူး၊ ခုနကလဲ ပွဲစီစဉ်သူဆလိုင်းဂျစ်သိုးက ငါ့ကို ခရီးစရိတ်ဆိုပြီး လက်မှတ်ထိုးခိုင်း ပြီး ပိုက်ဆံလာပေးတယ်။ ငါကမယူချင်ကြောင်းပြောတော့ မလုပ်ပါနဲ့ ဆရာရယ်၊ ကျွန်တော့်ကို ဒုက္ခမပေးပါ
နဲ့တဲ့။ငါကဘာဒုက္ခပေးမိလို့လဲကွာ။ပြီးတော့ ပြောပါသေးတယ်။ ဒါဟာထုံးစံပါ။ ဒီတစ်ခါတော့ယူပါ နောက်ပွဲ တွေ မတက်ချင်မတက်ပါနဲ့တဲ့။ ဆရာမှမယူရင်၊ ကျွန်တော်ကောဘယ်လိုအဆင်ပြေပါ့မလဲ။သူပြောတာ ဘယ်လောက် ရှက်စရာကောင်းတဲ့စကားလဲ။ ဒီအဖြစ်အပျက်ဟာ စိတ်ဓာတ် ပျက်ဆီးနေကြခြင်းပဲကွာ။
ဘယ်လောက် ရင်နင့် ဖို့ ကောင်းသလဲ။ တကယ်ဆိုရင် လမ်းတွေပေါ် ပြန့်ကျဲနေတဲ့ အမှိုက်တွေသိမ်းတဲ့ စ နစ်တင် ရှာနေရုံနဲ့ မလုံလောက်တော့ဘူး၊ တို့လူတွေရဲ့ရင်ထဲက မကောင်းတဲ့စိတ်ဓာတ်ပျိုးထောင်နေတဲ့ အ မှိုက်တွေ အရင်သိမ်းကျဖို့နည်း လမ်းတွေကိုလဲ တို့တွေ ရှာဖွေသင့်နေကြပြီကွ။တကယ်တော့ လောကကြီး ဟာ
သင်ယူခြင်း၊ သင်ပေးခြင်းနဲ့ ဟန်ချက်ညီနေတဲ့လောကပါကွ၊ မောင်ရင်တို့က သင်ယူခြင်းဆိုတာကိုမေ့ ပြီး အမြဲတန်းသင်ပေးချင်နေကြတယ်၊ မောင်တို့ကိုယ်တိုင်သင်ယူဖိ့ုလဲ အားထုတ်ကြပါဦး”

သူ့စကားဆုံးသည်နှင့် ဆရာချွန်သည် သူ့တာဝန်ကျေသွားပြီဟု သဘောထားကာ
အားလုံးကို ကျောခိုင်း၍ ထွက်ခွာသွားလေတော့သည်။

ဆလိုင်းဂျစ်သိုး

Leave a Reply