ကျိုက်ထီးရိုးတောင်နှင့် မပြီးဆုံးနိုင်သော အမှိုက်ပြဿနာ

85

မွန်ပြည်နယ်တွင် အထင်ကရ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီနှင့် ကျိုက်ထီးရိုးတောင်တော်ကြီးသည် ပြည်တွင်း ပြည်ပဘုရားဖူးများဖြင့် အစဉ်အမြဲ စည်ကားလျက်ရှိသော နေရာတစ်ခု ဖြစ်သည်။ ဘုရားဖူးများ အမြဲမပြတ် စည်ကားနေပြီး ဧည့်သည်ဝင်ရောက်မှုများခြင်းသည်လည်း ကောင်းခြင်းနှင့် ဆိုးခြင်းကိုလည်း ဖြစ်စေပါသည်။ ကောင်းခြင်းမှာကား ခရီးသွားဝင်ရောက်မှုများသောကြောင့် ရန်ပုံငွေရရှိခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိခြင်းများ ဖစ်သည်။

သို့သော် ဘုရားဖူးခရီးသွားများခြင်းကြောင့် အမှိုက်စွန့်ပစ်မှု၊ မိလ္လာစနစ်ထိန်းသိမ်းမှုများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် လိုအပ်သည်။ တောင်ပေါ်ရှိ ဈေးဆိုင်များမှလည်း တစ်နေ့ထွက်ရှိသော အမှိုက်နှင့် မိလ္လာများကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်သည်။

ကျိုက်ထီးရိုးတောင်တော်၏ အမှိုက်ပြဿနာ

ပြီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ဆံတော်ရှင် ကျိုက်ထီးရိုးတောင်တော်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို တင်သွင်းခဲ့သည်။

“တောင်ပေါ်မှာ အမှိုက်ဖျက်တဲ့မူဝါဒကို တိတိကျကျချမှတ်နိုင်ဖို့ လိုနေပါပြီ၊ နာယက အဖွဲ့က ဦးဆောင်ရမယ်၊ လိုအပ်တဲ့ လမ်းညွှန်မှုတွေကို ပြုရပါမယ်၊ ဂေါပကအဖွဲ့ကလည်း လမ်းညွှန်မှုတွေကို စနစ်တကျ အကောင်ထည်ဖော်သွားဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။

လိုအပ်သော မြေပြင်ကွင်းဆင်း စစ်ဆေးမှုကို ပညာရှင်များနှင့် ဆွေးနွေးပြီး မူဝါဒချမှတ်ကာ အလေးအနက်ထား အကောင်အထည်ဖော်နိုင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ကျိုက်ထီးရိုးတောင်တော်၏ လက်ရှိအခြေအနေသည် ရေရှည်တည့်တံ့ခိုင်မြဲရန်အတွက် အရေးတကြီးပြုပြင် ထိန်းသိမ်းရန် အမှန်တကယ်လိုအပ်နေပြီဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “အမှိုက်တွေကို အစိုနဲ့ အခြောက် စနစ်တကျ သိမ်းဆည်းနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်၊ ဂေါပကအဖွဲ့က ဆက်ပြီးထိန်းသိမ်းသင့်တယ်၊ ကန်ထရိုက်စနစ်နဲ့ ကင်မွန်းစခန်းထိမသယ်ဘဲနဲ့ တောင်ပေါ်မှာပဲ ဖျက်ဆီးဖို့လိုတယ်”ဟု ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် ကျန်ရှိနေသောအမှိုက်များသည် အလွန်များပြားလှသောကြောင့် ပယ်ချရန် အခက်အခဲရှိပြီး အမှိုက်ထွက်ရှိမှုကိုသာ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အမှိုက်များကို တောင်အောက်သို့ ပစ်ချသောကြောင့် ဂေဟစနစ် ပျက်စီးနေပြီး ငှက်၊ တောကြက်နှင့် တောရိုင်းတိရစ ္ဆာန်များ မရှိသလောက် ရှားနေပြီဟု ဆိုသည်။

“အမှိုက်တွေကို တောင်ကမ်းပါး အမှိုက်စင်ကနေ ပစ်ချတယ်၊ အဲဒါကြောင့် တောင်ကမ်းပါးပတ်လည်မှာ အမှိုက်တွေဖုံးသွားတာပေါ့၊ ဆင်းသွားတဲ့ ပုံစံက ရေတံခွန်လိုဖြစ်နေတယ်၊ တောင်အောက်ခြေထိ ဆင်းသွားတာ၊ ပစ်လာတာများတော့ အောက်ခြေမှာ အမှိုက်တွေကြောင့် ကြွက်တွေဖောက်ပြီး မိုးတွင်းမှာ ရေဝပ်လာမယ်၊ အဲဒီတော့ တောင်ပြိုတာတွေဖြစ်လာမယ်”ဟု ရင်ပြင်တော် ရာအိမ်မှူး ဦးကျော်မင်းဦးက ပြောသည်။

အမှိုက်စွန့်ပစ်မှုများကြောင့် ၂ဝ၁၈ခုနှစ် ဒုတိယဝါဆိုလအတွင်း မြေ ငါးနေရာ တစ်ညတည်း၊ တစ်ချိန်တည်း ပြိုကျခဲ့ဖူးကြောင်း ဆိုသည်။

ရင်ပြင်တော်ကားဂိတ်အနီး ကျီးကန်းပါးစပ်သွားသည့်လမ်း (ယခင်အမှိုက်ပုံမှ မြေပြိုခြင်း)၊ နတ်ရေတွင်းလမ်းကြားရှိ အမှိုက်ပုံမြေပြိုကျခြင်း၊ မုဆိုးတောင် ထမင်းဆိုင်တန်းအနောက်ဘက်ရှိ အမှိုက်ပုံပြိုကျခြင်းနှင့် ဂေါပကရုံးအနောက်ဘက် အမှိုက်စွန့်ပစ်နေရာမှ မြေပြိုကျခြင်း ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

အမှိုက်ပြဿနာ တစ်ခုတည်းလော

အလားတူူ ကျိုက်ထီးရိုးတောင်တော်၌ ဖြေရှင်းရန် မလွယ်ကူသည့် ကိစ္စတစ်ခု ကျန်ရှိနေပါသေးသည်။ မိလ္လာစွန့်ပစ်မှုဖြစ်သည်။ ကျိုက်ထီးရိုးတောင်ပေါ်ရှိ စားသောက်ဆိုင်အသေး၊ အကြီး၊ ဆိုင်ခန်းများ၊ တည်းခိုခန်းများမှ ထွက်ရှိသော မိလ္လာများကို မည်သို့ စွန့်ပစ်နေကြသနည်း။

“ကျိုက်ထီးရိုးတောင်မှာက အမှိုက်ပြဿနာတင်မဟုတ်ဘူး၊ မိလ္လာပြဿနာကလည်း ထိုနည်းလည်းကောင်းပဲ၊ တောင်အောက်ကို စွန့်ပစ်တဲ့ ချောင်းရေတွေထဲကို စီးကုန်တယ်၊ စနစ်ကျနမှုမရှိတဲ့အတွက် လုပ်မယ်ဆိုရင် အများကြီးပြန်လည် လုပ်ဆောင်ဖို့လိုနေတယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မိလ္လာစနစ်တွင် ပိုက်လိုင်းများ ခိုင်မာကောင်းမွန်နေရန် လိုအပ်ပြီး ခိုင်မာမှုမရှိပါက အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ဒေသခံပြည်သူများအတွက် ကျန်းမာရေးထိခိုက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးတောင်တော်နှင့် ပတ်သက်သည့် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်ရေး ကနဦးအစီရင်ခံစာသည် ကျိုက်ထီးရိုးတောင် တစ်ခုလုံးကို လွှမ်းခြုံနိုင်ပြီး၊ ပြီးပြည့်စုံသော အစီရင်ခံစာတစ်ခု ဖြစ်နိုင်သည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက “ကျိုက်ထီးရိုးတောင်တော်နဲ့ ပတ်သက်ပြီး ပညာရှင်တွေနဲ့ ဆွေးနွေးဖို့လည်း လိုအပ်တယ်၊ အရင်ကတည်းက ပျက်စီးနေမှုကို မထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် သေချာပြင်ဆင်မှုကို အသေးစိတ်စတင်လုပ်ဆောင်ရမှာပါ”ဟု ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်မှ စွန့်ပစ်မှုများသည် တောင်အောက်တွင် ရှိနေသော စမ်းချောင်းနှင့် လူနေအိမ် ပတ်ဝန်းကျင်များကို ထိခိုက်မှုများဖြစ်ပေါ်စေသောကြောင့် မြေပြင်ကွင်းဆင်းကာ လေ့လာမှုများကို ပူးပေါင်းဆောင်ရွက်ရမည်ဟု ဆို၏။

တောင်ပေါ်တွင် စွန့်ပစ်သော မိလ္လာစနစ်နှင့် ပတ်သက်ပြီး ဒေသခံဖြစ်သူ ရင်ပြင်တော် ရာအိမ်မှူး ဦးကျော်မင်းဦးက ယခုလို ရှင်းလင်းပြောကြားသည်။

“တောင်ပေါ်က တည်းခိုခန်း၊ စားသောက်ဆိုင်တွေကနေ ထွက်တဲ့ မိလ္လာတွေကို သူတို့အဆောက်အဦတွေရဲ့ အနောက်ဘက်မှာ ဆားဗစ်ကန်တွေ လုပ်ပြီးတော့ ထားတယ်၊ ဆားဗစ်ကန်တွေကနေတစ်ဆင့် ပိုက်လုံးသေးသေးလေးနဲ့ နတ်ရေတွင်းမြောင်မှာ ၁၂လက်မလောက်ရှိတဲ့ ပိုက်လုံးအကြီးနဲ့ သွားပေါင်းတယ်၊ ပိုက်လုံးအကြီးက ဘုရားရဲ့ ပေ ၂ဝဝ ၊၃ဝဝအကွာက မြောင်းကနေတစ်ဆင့် တောင်အောက်ကို စွန့်ထုတ်တယ်”ဟု ၎င်းက ပြောသည်။

တောင်အောက်တွင် ဆားဗစ်ကန် တည်ဆောက်ထားခြင်းမရှိသောကြောင့် လျှိုမြောင်ထဲမှ စွန့်ပစ်လိုက်သော မိလ္လာများသည် စမ်းချောင်းထဲသို့ ဝင်ရောက်သွားသောကြောင့် သောက်သုံးရေခပ်၍ မရတော့ဟု ဆက်ပြောသည်။

တချို့ ဆိုင်သေးလေးများသည် ဆိုင်၏အနောက်ဘက် ပေ၁ဝဝ အကွာတွင် မိလ္လာကန်ဆောက်ကာ ထားရှိပြီး ဆိုင်ကြီးများ၊ တည်းခိုခန်းများသည် ဆားဗစ်ကန်မှတစ်ဆင့် ပိုက်လိုင်းထဲသို့ စွန့်ပစ်ကြောင်း ဆိုသည်။

နောက်ဆက်တွဲဆိုးကျိုး

တောင်အောက်သို့ မိလ္လာနှင့် အမှိုက်များ စွန့်ပစ်မှုကြောင့် သဘာဝအတိုင်းစီးဆင်းနေသော စမ်းချောင်းသည် သောက်သုံးရေခပ်ယူ၍ မရတော့ပေ။ ယခင်က တောင်အောက်တွင် နေထိုင်သော ဒေသခံများသည် သောက်သုံးရေရရှိရန်အတွက် စမ်းချောင်းကိုသာ အဓိက အားကိုးခဲ့ကြသည်ဟု သိရသည်။

စမ်းချောင်းထဲသို့ စီးဝင်သော အညစ်အကြေးများသည် နောက်ဆုံးတွင် မိုးပေါချောင်းအတွင်းသို့ ရောက်ရှိသွားပြီး ရွာများ၊ လယ်မြေများသို့ ရောက်ရှိသွားသောကြောင့် သဘာဝပတ်ဝန်းကျင်သာမက ဒေသခံများ၏ ကျန်းမာရေးလည်း ထိခိုက်နိုင်ပေသည်။

ခိုင်ခန့်မှု မရှိသော မိလ္လာပိုက်လိုင်းများကြောင့် အနံ့အသက်ဆိုးများကို ခံစားနေရပြီး စနစ်မကျသော အမှိုက်စွန့်ပစ်မှုကြောင့် ယင်ကောင်များပြားသည့်ဒဏ်ကိုလည်း ခံစားနေရသည်ဟု ရင်ပြင်တော် ရာအိမ်မှူး ဦးကျော်မင်းဦးက ဆိုသည်။

“နွေရာသီရောက်လို့ တောင်အောက်က လေပင့်တိုက်လိုက်ရင်ဖြစ်ဖြစ်၊ မိုးဖွဲဖွဲလေးရွာလိုက်ရင်ဖြစ်ဖြစ် အနံ့ဆိုးတွေက ထွက်လာပြီ၊ အဲဒီအနံ့တွေက အပေါ်အထိကို ရောက်လာတာ၊ ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပေါ့၊ နောက်ပြီး အမှိုက်ပုံတွေမှာဆိုရင်လည်း ယင်ကောင်တွေက တဝေါဝေါနဲ့ပဲ”ဟု ဆိုသည်။

စနစ်တကျ စွန့်ပစ်မှုမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ ညစ်ညမ်းမှုကိုဖြစ်စေနိုင်သောကြောင့် ကျိုက်ထီးရိုးတောင်ပေါ်တွင် ကျင့်သုံးသော အမှိုက်ပစ်စနစ်ကို သဘောမကျကြောင်း ဆက်ပြောသည်။

“သဘာဝပတ်ဝန်းကျင်နဲ့ ဒီတောဒီတောင်တွေ ပျက်စီးမှုမရှိအောင် အကုန်လုံးစည်းကမ်းရှိဖို့လိုတယ်၊ ခရီးသွားရော၊ နေထိုင်တဲ့သူရော၊ ဂေါပကအဖွဲ့ရော အကုန်လုံး စည်းကမ်းလိုက်နာနိုင်မှဖြစ်မယ်၊ မဟုတ်ရင် ကျိုက်ထီးရိုးတောင်က တစ်စစနဲ့ ပဲ့ထွက်ပြီး ပျက်စီးကုန်လိမ့်မယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိဖြစ်ပေါ်နေသော ကျိုက်ထီးရိုးတောင်၏ အခြေအနေကို ဒေါက်တာမင်းကြည်ဝင်းက “ကျိုက်ထီးရိုးတောင်တော်ကို စနစ်တကျလုပ်ဆောင်ဖို့တော့ လိုနေပြီ၊ အားလုံးပူးပေါင်းမှလည်း ဖြစ်နိုင်မယ်၊ အခုအခြေအနေက ENP စနစ်နဲ့တောင် မလုံလောက်တော့ဘူး”ဟူ၍သုံးသပ်ပြောဆိုသည်။

ကဗျာလေး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်