မန်စီ မြို့နယ် ဗုံးပေါက်ကွဲမှု ကလေး ၆ ဦး ဒဏ်ရာရ

၂၀၁၉ ခုနှစ် မတ်လ ၇ ရက်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း ဗုံးတစ်လုံးပေါက်ကွဲပြီး ကလေးငယ် (၆) ဦး ထိခိုက် ဒဏ် ရာရရှိခဲ့သည်ဟု သိရသည်။

မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် မန်စီမြို့နယ်အတွင်းရှိ မန်ဝိန်းကြီးကျေးရွာမှ ကလေး (၆) ဦး အဆိုပါ ဗုံးပေါက် ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးဇော်ဘောက်က ပြောသည်။

“ကလေးတွေ နွားကျောင်းသွားရင်းနဲ့ ဗုံးဟောင်းတစ်လုံးတွေ့လို့ ကောက်ကိုင်ရင်းကနေ ပေါက်သွားတာ၊ အနီးမှာရှိတဲ့ ရွာထဲက ကလေး (၆) ယောက်ထိခိုက်ဒဏ်ရာရသွား တယ်။ တခါတည်း နမ့်ခမ်းဆေးရုံကြီးကိုပို့ထားလိုက်တယ်၊” ဟု ဦးဇော်ဘောက်က ပြောပြသည်။ “အခုဟာကလေ တောထဲသွားရင်းနဲ့ နင်းမိတာမျိုး မဟုတ်ဘူးနော်၊ ကျနော်တို့ အနီးတဝှိုက်ကလည်း တိုက်ပွဲတွေ စစ်ဖြစ်နေတဲ့နေရာတွေနဲ့ မလှမ်းမကမ်းမှာရှိ တယ်လေ။ အရင်တုန်းက လည်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့ နေရာတွေဆိုတော့ အရင်တုန်းက ကျန်ခဲ့တဲ ဗုံး အဟောင်း မိုင်းအဟောင်း ကျန်ခဲ့တာတွေပေါ့၊ အဲ့ဒါပေါက်တာပါ” ဟု ပြောသည်။

Advertisements

မန်စီ-မန်ဝိန်းကြီး ကားလမ်းမကြီးဘေးရှိ လယ်ကွင်းအတွင်း နွားကျောင်းသွားစဉ် ဗုံးဟောင်းတစ်လုံးတွေ့ ရှိကာ အဆိုပါဗုံးအား ကိုင်လိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်များအား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် (၆) ဦးအား ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြီး နှင့် လားရှိုးစစ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးသကုမှု ခံယူနေသည်ဟု သိရသည်။

“မနေ့က ဖြစ်ဖြစ်ချင်း အနီးမှာရှိတဲ့ နမ့်ခမ်းဆေးရုံကြီးကို (၆) ယောက်လုံးကိုပို့တာ၊ တစ်ယောက်က ခြောက် နေရာလောက်မိုင်းစထိသွားတယ်။ သူကလည်း ဒဏ်ရာနည်းနည်းများတယ်။ အဲ့ထဲက (၉) နှစ်အရွယ် နောက် ထပ် ကလေးတစ်ယောက် ယောက်ကျားလေးတစ်ယောက်ကပေါ့နော်၊ ဗိုက်မှာ ဗုံးစမှန်ထားတာ၊ သူက တော် တော် စိုးရိမ်ရတယ်၊ အဲ့ဒါနဲ့ သူကိုတော့ နမ့်ခမ်း စခန်း-၁ က တပ်မမှူးကနေပြီးတော့ လားရှိုးစစ်ဆေးရုံကို သွားပို့လို့ရတယ် ဆိုလို့ သူအကြံပေးတဲ့အတိုင်းပေါ့နော် နေ့လည်က ပို့လိုက်ရတယ်” ဟု ဦးဇော်ဘောက် က ဆက်ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူများမှာ မန်ဝိန်းကြီးကျေးရွာ ရပ်ကွက် (၇)မှ မမွန်းစောမ်ပန် အသက် (၅)နှစ်၊ မနန်းနန်း အသက်(၇)နှစ်၊ မောင်ဆိုင်းမျိုးအောင် အသက်(၁၅)နှစ်၊ မောင်ဂျက်ဆိုင်းနော် အသက်(၉) နှစ်၊ မောင်ဆွတ်ရိန်အောင် အသက် (၁၀)နှစ် နှင့် မောင်ဆန်အောင် အသက် (၁၆) နှစ်တို့ ဖြစ်ကြသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံပြည်သူများနှင့် ကလေးငယ် များအား မြေမြှုပ်မိုင်းများနှင့် ပတ်သက်သည့် အသိပညာပေးခြင်း အစီအစဉ်များ လာရောက်လုပ်ဆောင်ပေး သင့်တယ်လို့လည်း ဦးဇော်ဘောက် က ယခုကဲ့သို့ ဆက်ပြောသည်။

“အခုကလေ Land mine ဒီမြေမြှုပ်မိုင်းတို့၊ ဗုံးတို့နဲ့ ပတ်သက်ပြီး သင်တန်းတွေလာပေးရင် ဒုက္ခသည်စခန်း တွေမှာပဲ အဓိက NGOs တွေက လာပေးကြတယ်။ အခုဗုံးပေါက်ကွဲတဲ့နေရာကလည်း တောထဲတောင်ထဲမှာ ဖြစ်တာမဟုတ်ဘူး။ အခုဖြစ်တဲ့နေရာကလည်း အမြဲတမ်းကလေးတွေ သွားလာ ထင်းရှာ၊ နွားကျောင်းတဲ့ နေရာ မှာဖြစ်တာ။ အခုက ရွာနားမှာတို့ ရွာထဲမှာတို့ အလုပ်လုပ်တဲ့နေရာတို့ပေါ့နော် အဲ့လိုမျိုးတွေမှာဖြစ်တာလေ၊ အခု ဆို ကလေးတွေလည်း ထိကုန်ပြီ၊ ဒါ့ကြောင့် သိတတ်တဲ့ပညာရှင်တွေက အသိပညာပေးတဲ့ အစီအစဉ်တွေ သင်တန်းတွေကို ဒေသခံတွေနဲ့ ကလေးတွေကို လာပေးစေချင်တယ်။ သင်ကြားပေးစေချင်တယ်၊ အမြန်ဆုံးပေါ့”

Advertisements

အလားတူ မတ်လ ၂ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းမှ ဒေသခံအမျိုးသမီး တစ်ဦး ကဆုန့်ကျေးရွာအနီးသွားစဉ် မြေမြှုပ်မိုင်း တစ်လုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ မတ်လ ၃ ရက် ကလည်း မိုးညှင်းခရိုင်၊ ဖားကန့် မြို့နယ်၊ လဝါးချောင်းဖျားတွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်

Advertisements

Leave a Reply