အပစ်ရပ် ကြေညာထားသော်လည်း တပ်မတော်နှင့် KIA၊ TNLA တို့ တိုက်ပွဲများ ဖြစ်ပွား

35

၂၀၁၉ ခုနှစ် မတ်လ ၇ ရက်။

တပ်မတော်မှ လေးလကြာအပစ်ရပ်ထားသည့် ကာလအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA တို့နှင့် တပ်မတော်တို့အကြား မတ်လဆန်းတွင် တိုက်ပွဲများ ပြန် လည် ဖြစ်ပွားနေသည်။

မတ်လ (၆) ရက်နေ့ ယနေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည် ဟု KIO/KIA က ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “စစ်ဖက်ဆိုင်ရာ သတင်းတွေ ကတော့ မရသေးဘူး ဒါပေမယ့် ဒီအရပ်ဖက် သတင်းနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ ကေအိုင်အေ တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေဖက်မှာ ဒီတပ်မတော်ဖက် က ထိုးစစ်ဆင်လာလို့ ခုခံ တိုက်ပွဲဖြစ် တယ်ဆိုတဲ့ သတင်း လောက်ပဲကြားပါတယ်။ မိနစ်ပိုင်းပဲဖြစ်ပြီးမှ ပြန်ငြိမ် သွားတယ်လို့ ကြားပါတယ်။ အခုဆက် ပြီးတော့ ပြန်ဖြစ်တဲ့ သတင်းတွေကတော့ ဘာမှမကြားရသေးဘူးခင်ဗျာ” ဟု ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန် ဗိုလ်မှူးကြီးနော်ဘူ က ပြော သည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA လှုပ်ရှားရာဒေသတွင် ဖြစ်ပွားခဲ့သည် ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

အလားတူ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်(ခွဲ) မုံးဟွမ်ကျေးရွာနီး မန်ပုံတောင်တွင် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် မြန်မာ့တပ်မတော်မှ တပ်မ (၉၉) တို့ အကြား မတ်လ (၅)ရက်နေ့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထား သည်။

မတ်လ (၆) ရက်နေ့ထုတ် အဆိုပါထုတ်ပြန်ချက်ထဲတွင် ၂၀၁၉ ခုနှစ်အတွင်း PSLF/TNLA နှင့် မြန်မာ့ တပ်မ တော်တို့အကြား တိုက်ပွဲပေါင်း (၅) ကြိမ်ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

KIO/KIA နှင့် တပ်မတော်ကြား မတ်လ ၆ ရက်နေ့(ယနေ့)တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေ၊ ယမန်နေ့ (မတ်လ ၅) ရက်နေ့က ဖြစ်ပွားသည့် PSLT/TNLA နှင့် တပ်မတော်တို့အကြားက တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း မရသေးပေ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တပ်မတော်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA လှုပ်ရှားသည့် စစ်တိုင်းများအပါအဝင် စစ်တိုင်း ၅ တိုင်းကို ၄ လကြာ အပစ်ရပ်စဲမည်ဟု ကြေညာထားသည်။

သို့သော် အပစ်ရပ်ကာလအတွင်း တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တို့အကြား တိုက်ပွဲ ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု KIO/KIA က ဆက်ပြောသည်။

“ကချင်ပြည်နယ်ဖက်မှာတော့ မရှိပါဘူး ဒါပေမယ့် အဲဒီရှမ်းမြောက်ဖက်မှာကတော့ အခုတစ်ခါနဲ့ဆိုတော့ သုံးကြိမ် တော့ဖြစ်ပြီ။ ခုနပြောနေတဲ့ ကွတ်ခိုင်မြို့နယ် အရင်ဖြစ်တာလည်း ကွတ်ခိုင်မြို့နယ်ဖက်မှာ ဖြစ် တယ်။ ကေအိုင် အေ တပ်ရင်း ၉ နယ်မြေဖက်မှာ ဖြစ်ပါတယ်။ အခုကတော့ တပ်ရင်း ၈ နယ်မြေဖက်မှာ ပြန်ဖြစ်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

တပ်မတော်မှ အပစ်ရပ်ကြေငြာပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲမှာ သိသိသာသာလျှော့နည်းသွားခဲ့သည် ဟု သိရသည်။

တပ်မတော်မှ အပစ်ရပ်ထားသော်လည်း နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တိကျသည့် နယ် မြေသတ်မှတ်မှု သဘောတူစာချုပ် မရှိသေးသည့်အတွက် အနည်းငယ် လှုပ်ရှားမှု ပြုရုံဖြင့် တိုက်ပွဲများ ဖြစ် ပွားနိုင်သည့် အနေအထားတွင် ရှိသည်ဟု KIO/KIA က ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA သည် အစိုးရနှင့် ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့ပြီး ၁၁ နှစ်အကြာ ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်တော် KIO/KIA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(PSLF/TNLA) တို့သည့် မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့ ဝင်များဖြစ်ပြီး အစိုးရနှင့် နှစ်ဦးနှစ်ဘက် အပစ်ရပ် လက်မှတ်ထိုးနိုင်ရေး အစိုးရထံ အဆိုပြုထားသည့် အဖွဲ့များ ဖြစ်သည်။

သတင်းနှင့် မီဒီယာ ကွန်ရက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်