ထိုင်းတော်ဝင်မင်းသမီး ရွေးကောက်ပွဲဝင်ရန်စာရင်းသွင်းခဲ့သည့် နိုင်ငံရေးပါတီကို ဖျက်သိမ်း

ဘန်ကောက် မတ် ၈

ထိုင်းနိုင်ငံတွင် မတ် ၂၄ ရက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် ထိုင်းတော်ဝင်မင်းသမီးကို နာမည်စာရင်း ပေးသွင်းခဲ့သည့်အတွက် ထိုင်းရာခ်ဆာချထ်ပါတီကို တရားဝင်ဖျက်သိမ်းပေးရန် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ထိုင်းမင်းသမီး ယူဘော်ရာတာနာကို ဝန်ကြီးချုပ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အဆိုပါ နိုင်ငံရေးပါတီက ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် အမည်စာရင်းတင်သွင်းခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ထိုင်းတော်ဝင်မိသားစုအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းသည် သင့်တော် မှန်ကန်မှုမရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရာခ်ဆာချထ်ပါတီသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ထောက်ခံသည့် ပါတီတစ်ခု လည်း ဖြစ်သည်။

Advertisements

ရွေးကောက်ပွဲဝင်ရန် ယင်းသို့ စာရင်းသွင်း လုပ်ဆောင်ခြင်းသည် ထိုင်းနိုင်ငံ၏ဘုရင်စနစ်ကို ထိခိုက် စေသော အပြုအမူတစ်ရပ်ကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ရာရောက်သဖြင့် ပါတီ ထူထောင်ခွင့်ကို ရုပ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း တရားသူကြီးများက ဆိုသည်။ ထိုင်းတော်ဝင်မိသားစုဝင်များသည် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်းကိုလည်း ဆက်လက် ပြောကြားခဲ့သည်။

ယခုရွေးကောက်ပွဲသည် ၂၀၁၄ ခုနှစ်က ထိုင်းတပ်မတော် အာဏာသိမ်းယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်ကျင်းပခြင်း ဖြစ်သည်။ ထို့ပြင် ယင်းရွေးကောက်ပွဲသည် တပ်မတော်ထောက်ခံပါတီ များ နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ ဝပ်ထရာကို ထောက်ခံသည့် ပါတီများအကြား အားပြိုင်သည့် နိုင်ငံရေး ကစားပွဲတစ်ခုဖြစ်သည်။

ပါတီအားဖျက်သိမ်းရန် အမိန့်ချမှတ်ခြင်းသည် ပါတီအဖွဲ့ဝင်များသာမက မတ် ၂၄ ရက်တွင် ဆန္ဒမဲပေးရန် ရည်ရွယ်ထားကြသည့် ပြည်သူများ၏ အခွင့်အရေးကိုပါ ဆုံးရှုံးမှုဖြစ်စေပါကြောင်း ပါတီခေါင်းဆောင် ပရီချာဖို ပေါင်ပါနစ်က ဆိုသည်။

ထိုင်းရာခ်ဆာချထ်ပါတီအား ဖျက်သိမ်းရန် တရားရုံး၏ အမိန့်ချမှတ်မှုသည် ဝန်ကြီး ချုပ်ဟောင်း သက်ဆင်အား ထောက်ခံသူများအတွက် ကြီးမားသော နိုင်ငံရေးဆုံးရှုံးမှုတစ်ခု ပင်ဖြစ် ကြောင်း နိုင်ငံရေးစောင့်ကြည့် လေ့လာ သူများက ဝေဖန်ပြောဆိုသည်။

Bangkok Post

Advertisements

Leave a Reply