စိတ်ဖိစီးမှုနှင့်စာမေးပွဲရာသီ

ယခုလိုစာမေးပွဲရာသီနှင့်နွေဦးပေါက်လာပြီဆိုလျှင် ဆေးခန်းများတွင်မြင်ရများသောလူနာများမှာ စိတ်ဖိစီးမှုရောဂါသည်များဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသော ကျောင်းသားကျောင်းသူများသည် စာမေးပွဲ၏ ဖိအားကိုတွေးပူ၍ စိတ်ဖိစီးမှုရောဂါကိုခံစားရသည်။ အစာမဝင်၊အိပ်မပျော်ဖြစ်၍ ကယောင်ကတမ်းများဖြစ်တတ်သည်။

စိတ်ဖိစီး မှုခံစားနေရချိန်တွင် ခန္ဓာကိုယ်သည် ဗီတာမင်ဘီကို ပိုမိုလို အပ်ခြင်းကြောင့်၊ ယင်းအချိန်တွင် ဗီတာမင်ဘီပါဝင်သော အစားအသောက်များကို ရွေးချယ်စားသုံးသင့်သည်။ဗီတာမင်ဘီသည် အဆီနှင့် ပရိုတင်းတို့ပြိုကွဲရန်၊ အာရုံစူးစိုက်မှုကောင်းစေရန်၊ သွက်လက်နိုးကြားစေရန်၊ ဦးနှောက်နှင့်အာရုံကြော ပုံမှန်လုပ်ဆောင်ရန်နှင့် စိတ်ကျန်းမာရေးကောင်းမွန်စေရန်တို့အတွက် အထောက်အကူဖြစ်စေပြီး အစား အစာမှ စွမ်းအင်ထုတ်လုပ်မှုဖြစ်စဉ်တွင်လည်း မရှိမဖြစ် လိုအပ်သကဲ့သို့ ဆဲလ်များကြီးထွားမှုတွင်လည်းအရေးပါသည်။

ပဲ၊ ဝက်သား၊ အမဲသား၊ နွားနို့၊ ဆန်လုံးညို၊ အသည်း စသည်တို့မှာ ဗီတာမင်ဘီကြွယ်ဝသော အစားအသောက်များဖြစ်ပြီး အစားအသောက်များထဲတွင် ဗီတာမင်ဘီလုံလောက်စွာမပါဝင်ခြင်း၊ အသင့် စားအစားအသောက်များကို စားသောက်ခြင်း၊ လှုပ်ရှားမှုများသည့်အလုပ်လုပ်နေရသူများနှင့် အရက်သောက် သုံးသူများ ယင်းအစားအစာများကို စားသုံးပေးသင့်သည်။

စိတ်ဖိစီးမှုများပါက မောပန်းခြင်း၊ ရေရှည်ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ ယုံကြည်မှု လျော့နည်းခြင်း၊ သွေးတိုးခြင်း၊ အာရုံအကြောဆွဲခြင်း၊ စွမ်းဆောင်ရည် ကျဆင်းလာခြင်း၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အိပ်မပျော်သည့်ရောဂါလက္ခဏာများဖြစ်ပေါ်လာတတ်ကြောင်းသိရသည်။

“စိတ်ဖိစီးမှုတွေများနေရင် ဘာလို့လဲဆိုတာကိုသိအောင် ကြိုးစားရမယ်။ အတတ်နိုင်ဆုံးလျှော့ချဖို့လည်းလိုအပ်ပါတယ်။ လိုအပ် ပါကတတ်ကျွမ်း နားလည် တဲ့သူတွေနဲ့ တိုင်ပင်သင့်တယ်။ အရေးကြီးတာကတော့မိမိတို့သဘောနဲ့ မိမိတို့ အရက်သောက်တာ၊ ဆေးလိပ်တွေသောက်တာတွေ ဆရာဝန်တွေရဲ့ ညွှန်ကြား ချက်မရှိတဲ့ဆေးတွေသောက်တာကို မလုပ်ရဘူး။ အဲဒါတွေက အခိုက်အတန့်လောက်လေးပဲသက်သာသ ယောင်ယောင်ရှိပြီး နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိတယ်”ဟု စိတ်ပညာရှင်တစ်ဦးကဆိုသည်။

စိတ်ဖိစီးမှုကိုဖြေရှင်းကြရာတွင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ တားမြစ်ဆေးဝါးများ ကိုအသုံးပြုခြင်း၊ လှုပ်ရှားမှုများခြင်း၊ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်ခြင်း၊ ထပ်တလဲလဲ အပြုအမူများပြု မူခြင်းများပြုလုပ်တတ်ကြသည်။စိတ်ဖိစီးမှုဖြစ်ပွားရခြင်းမှာ သက်ဆိုင်ရာပတ်ဝန်းကျင်၊ လုပ်ငန်း ခွင်စသည်တို့နှင့်တိုက်ရိုက်ပတ်သက်ဆက်နွှယ်နေရာ မိမိတွင် စိတ်ဖိစီးမှုဖြစ်မလာစေရန်အတွက် စိတ် နေသဘောထားကို ပြုပြင်ပြောင်းလဲရန်၊လိုအပ်ပါကအလိုက်သင့်ပြောင်း လဲနိုင်ရန်လိုအပ်ကြောင်း သိရသည်။

တစ်ဦးတစ်ယောက်တည်း သီးသန့်နေထိုင်ခြင်းကလည်း ကိုယ်ရော စိတ်ပါကျန်းမာစေမည် မဟုတ်သည့်အတွက် အသင်းအဖွဲ့နှင့် ပါဝင်ပူးပေါင်းလုပ်ဆောင်ရသည့် ကိစ္စများတွင်ပါဝင်ခြင်း၊ စိတ်ပျော်ရွှင်စေမည့် စာအုပ်များဖတ်ရှုခြင်း၊ ကခုန်ခြင်း၊ ရယ်မောပျော်ရွှင်စွာနေထိုင်ခြင်း စ သည့်နေထိုင်မှုပုံစံများက စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုအထိလျှော့ချပေးနိုင်မည်ဖြစ်သည်။

စိတ်ဖိစီးမှုကိုလျှော့ချနိုင်ရန် အတွက် ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ကြက်သွန်ဖြူ၊ ဘယ်ရီသီး၊ နို့၊ ချောကလက်၊ ထောပတ်သီး၊ ကောက်နှံစာ စသည်တို့အား စားသုံးသင့်ကြောင်း သိရသည်။ ယခုရာသီသည် တက္ကသိုလ်ဝင်ကျောင်းသားများအတွက် စိတ်ဖိစီးမှုများသောအချိန်အခါဖြစ်သည်။

နွေပူပူတွင် စိတ်ပူတတ်ကြသောအခါတွင် စိတ်ဖိစီးမှုများသည်ပိုများတတ်လာသည်။

စာမေးပွဲရာသီတွင် ဗိုက်အောင့်ခြင်း၊ အစားမဝင်ခြင်းနှင့် အိပ်မပျော်ခြင်းတို့ဖြစ်တတ်သည်။ ထို့အပြင် ကိုယ်ခံအားနည်းကာ အဖျားဝင်တတ်သည်။ ထိုအခြေအနေများသည်စိတ်ဖိစီးမှုများကြောင့်ဖြစ်သည်။ ဗီတာမင်ကြွယ်ဝသောအစာအာဟာရများ၊ ရေများများသောက်သုံးသင့်သည်။

စိတ်ဖိစီးမှုကိုလျှော့ချစေရန်အတွက်သီချင်းနားထောင်ခြင်း၊တရားထိုင်ခြင်းနှင့်ယောဂကျင့်ခြင်းတို့ပြုလုပ်သင့်သည်။ သို့မှသာ စိတ်လက်ပြေလျော့၍သားသားမီးမီးတို့တက္ကသိုလ်ဝင်စာမေးပွဲကို ကျန်းကျန်းမာမာဖြင့်အဆင်ပြေပြေဖြေဆိုနိုင်မည်ဖြစ်သည်။ ။

ဒေါက်ဦး(မွန်)

 

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်