ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မလုံလောက်၍ပြင်ပတွင် ထိုးနှံနေရ

69

ချောင်းဆုံ မတ်

ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အလုံအလောက်မရှိ၍ ဒေသခံပြည်သူအချို့ မှာ ပြင်ပတွင် အခကြေးငွေ ပေး ထိုးနှံနေရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီရက်ပိုင်းအတွင်းမှာ ရွာကမိန်းကလေးတစ်ယောက်ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ခွေးရူးကာကွယ် ဆေးထိုးဖို့သွားတော့ ဆေးရုံမှာကာကွယ်ဆေးအလုံအလောက်မရှိဘူး ။ ဒီအပတ်တော့ထိုးပေးလိုက်မယ် ။ နောက် အပတ်ကျရင်ပြင်ပမှာထိုးဖို့ဆေးရုံကမှာလိုက်တယ်”ဟုခရိုက်သစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်တိုး ကပြော သည်။

အထက်မှချပေးသောခွဲတမ်းများအရသုံးစွဲနေရကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ခွေးကိုက်ခံရသူများပြီး ရရှိ သောကာကွယ်ဆေးအရေအတွက်မှာနည်းနေ၍ ကာကွယ်ဆေးမလုံလောက်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းညွန့်ဝင်းကဆိုသည်။

“မလုံလောက်တာကတစ်မြို့နယ်တည်းမဟုတ်ပါဘူး ။အခြားမြို့နယ်တွေမှာလည်းဒီလိုဖြစ်နေတာပါ ။ ခွေးအကိုက် ခံရတာနည်းအောင် စီစဉ်ဆောင်ရွက်ဖို့လိုအပ်သလိုတစ်ဖက်ကလည်းကာကွယ်ဆေးကို ပိုမိုရရှိနိုင်အောင်စီစဉ် ဆောင်ရွက်ရမှာဖြစ်တယ်”ဟု၎င်းကဆက်လက်ပြောသည်။

အစိုးရအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုအတွက်ခွေးရူးကာကွယ်ဆေး ၊ မြွေဆိပ်ဖြေဆေး စသည် အရေးကြီး သောဆေးဝါးများကို အလုံအလောက်ထုတ်ပေးနိုင်ပါက ပိုမိုကောင်းမွန်ကြောင်းမြို့နယ်စည်ပင်သာယာရေး ဥက္ကဋ္ဌဟောင်း ဦးခင်မောင်ဦးကအကြံပြုသည်။

“စည်ပင်သာယာရေးအဖွဲ့ကလည်းခွေးတွေကို ရှင်းလင်းနေပေမဲ့ ခွေးကလည်းပြန်လည်ပေါက်ဖွားနေတဲ့အတွက် မကုန်နိုင်ဘူးဖြစ်နေတယ် ။မကြာမကြာရှင်းလင်းနေရတယ် ။ တချို့ကလည်းခွေးကိုရှင်းတာမကြိုက်ပြန်တော့ အကောင်းဆုံးဖြစ်အောင် အားလုံးကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်”ဟု၎င်းကဆက်လက်ပြောသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ် ခွေးရူးပြန် ရောဂါကြောင့် လူ ငါးသောင်း ခန့်သေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။ အရှေ့တောင်အာရှ ဒေသ၌ လူတွင် ခွေးရူးပြန် ရောဂါဖြစ်ခြင်း၏ (၉၆%)သည် ခွေးကိုက်ခြင်းကြောင့် ဖြစ်သည်။

ခွေးရူးပြန်ရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်လျက် ရှိပြီး ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်း ၁၉၉၇ ခုနှစ်မှစတင်၍ စောင့်ကြပ် ကြည့်ရှုရသော ရောဂါ (၁၇)မျိုးတွင် ထည့်သွင်း၍ လစဉ် ကျေးလက်ကျန်းမာ ရေးဌာနခွဲအဆင့်မှ ဗဟိုအထိ အဆင့်ဆင့် သတင်းပို့စနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် ဇူလိုင်လမှစတင်၍ ခွေးကိုက်ခံရသူ လူနာများ ခွေးရူး ရောဂါ မဖြစ်ပွားစေရေး အတွက် ခွေးရူးပြန် ရောဂါကာကွယ်ဆေးများ ထိုးနှံနိုင်ရေး အတွက် နိုင်ငံတော် အစိုးရဘဏ္ဍာငွေဖြင့် ဖြည့်တင်းပေးခဲ့ပြီး ဗဟိုအဆင့် ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံ ကြီးများ၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်အဆင့် ဆေးရုံများအထိ ဖြန့်ဖြူး၍ ခွေးကိုက်ခံရသော လူနာများအား ခွေးရူးပြန် ရောဂါမဖြစ်စေရေး အတွက် ခွေးရူးပြန် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်