စပါး တရားမဝင် ကုန်သွယ်မှု တားဆီးရေး ရှောင်ကွင်းလမ်းများနှင့် နယ်စပ် ဝင်ပေါက်ထွက်ပေါက်ကြောင့် ခက်ခဲနေဟု ဆို

22

မော်လမြိုင် မတ်

မြန်မာ့စပါးများကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ တရားမဝင်တင်ပို့ ရောင်းချနေခြင်းများကို ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရန် ရေပူနှင့် မရမ်းချောင် အမြဲတမ်း ကုန်စစ်ဆေးရေးစခန်းများ ဖွင့်လှစ်၍ တားဆီး ထိန်းချုပ် ဆောင်ရွက်လျက်ရှိကြောင်း ၊ တရားမဝင် ရှောင်ကွင်းလမ်းများ ၊ တရားမဝင်နယ်စပ် ဝင်ပေါက်ထွက်ပေါက်များရှိနေပြီး နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု အားနည်းသည့် အခြေအနေများကြောင့် စပါးမှောင်ခိုတင်ပို့မှုများကို အပြည့်အဝ ထိရောက်စွာ ပိတ်ဆို့နိုင်ရန် အခက်အခဲရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“စစ်ဆေးရေးစခန်းများကို ရှောင်ကွင်းနိုင်တဲ့ တရားမဝင် ရှောင်ကွင်းလမ်းများ ၊ တရားမဝင်နယ်စပ် ဝင်ပေါက်ထွက်ပေါက်များရှိနေပြီး နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အခြေအနေများကြောင့် စပါးမှောင်ခိုတင်ပို့မှုများကို အပြည့်အဝ ထိရောက်စွာ ပိတ်ဆို့နိုင်ရန် အခက်အခဲရှိပါတယ်”ဟု ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြောသည်။

မတ်လ ၆ ရက်တွင် ပြုလုပ်သော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားစဉ် ၎င်းက ယင်းသို့ ဆိုသည်။ မြန်မာ့စပါးများကို နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ တရားမဝင် တင်ပို့နေကြ ခြင်းများအား ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် ပက်သက်ပြီး မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၂ မှ ဦးထွန်းထွန်းဦးက လွှတ်တော်တွင် မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဆန်စပါးကို ပြည်တွင်းမှာ လွတ်လပ်စွာ သယ်ယူရောင်းချခွင့် ပြုပါတယ် ။ စပါးကို ကြိတ်ခွဲပြီး ဆန်ကို ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ရှိပါတယ် ။ ကုန်ကြမ်းဖြစ်တဲ့စပါးကိုတော့ ပြည်ပသို့ တင်ပို့ခွင့် ပိတ်ထားပါတယ် ။ သို့သော်လည်း ယခုအခါမှာ စပါးများကို နယ်စပ်လမ်းကြောင်းများမှ နည်းအမျိုးမျိုးနဲ့ ပြည်ပကို တရားမဝင်တင်ပို့ နေကြပါတယ် ။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေတဲ့ တရုတ်နိုင်ငံကို အများအပြား တင်ပို့နေကြပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ တစ်ဆက်တည်းတွင်

“မန္တလေးကနေ ဗန်းမော်ကို ရေလမ်းကြောင်းကသယ်ယူပြီး နယ်စပ် လွယ်ဂျယ်ဒေသ တရားမဝင် ကုန်သွယ်ရေး ဂိတ်များမှ တစ်ဆင့် တရုတ်နိုင်ငံထဲကို တင်ပို့နေသလို မန္တလေးကနေ မူဆယ်ကို ကုန်တင်ကားများနဲ့ သယ်ယူပြီး ရွှေလီမြစ်ပေါ်မှတစ်ဖန် ကုန်တင်ရေယာဉ်များနဲ့ တရုတ်နိုင်ငံထဲကို တရားမဝင်တင်ပို့နေကြပါတယ်”ဟု ကိုယ်စားလှယ်က ဆက်လက်ပြောသည်။

စပါးကို ယင်းသို့ ပမာဏ များပြားစွာ တင်ပို့နိုင်ရန်အတွက် အချို့သော လုပ်ငန်းရှင်ကြီးများမှာ စပါးဝယ် ကိုယ်စားလှယ်များဖြင့် မန္တလေးတိုင်း ၊ ဧရာဝတီတိုင်းတို့ အထိ ဆင်းကာ နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ရိုက်ဝယ်ယူနေကြကြောင်း၊ ပြည်တွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ အနေဖြင့် စပါးကြိတ်ခွဲရန် စပါးဝယ်ယူရာတွင် အခက်အခဲ ကြုံကာ လုပ်ငန်းရပ်ဆိုင်းရသည်အထိရှိလာကြောင်း၊ ဆန်စက်လုပ်သားများမှာလည်း အလုပ်လက်မဲ့ ဖြစ်ရကြောင်း လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြဆွေးနွေးသည်။

နယ်စပ်ဒေသများမှတစ်ဆင့် စပါးများ တရားမဝင် ကုန်သွယ်မှု မရှိစေရေးအတွက် နယ်စပ်ဒေသများတွင် ဖွင့်လှစ်ထားရှိသည့် ကုန်သွယ်ရေး ဇုန်များနှင့် ကုန်သွယ်ရေးစခန်းများတွင် စနစ်တကျ ကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် တရားမဝင်ကုန်သွယ်မှုများ တားဆီး အရေး ယူနိုင်ရေး အထူးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး က တုန့်ပြန်ဖြေကြားခဲ့သည်။

“တရားမဝင် စပါး သယ်ယူခြင်းများ ဖမ်းဆီးရမိမှု အနေနဲ့ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်ထိ မန္တလေး – မူဆယ်လမ်းကြောင်းပေါ်ရှိ ၁၆မိုင်စစ်ဆေးရေး စခန်းမှ ဖမ်းဆီးမှု ၁၄ကြိမ် ၊ စုစုပေါင်း စပါးတန်ချိန် ၁၆၄.၀၅ တန်ဖမ်းဆီးရမိပြီး ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိမှု ၁၀ ကြိမ် ၊ စပါးတန်ချိန် ၆၁.၂၉၅ တန်အား တားဆီးဆောင်ရွက်ခဲ့ပါတယ်”ဟု ဒုတိယ ဝန်ကြီးက ဆို၏။

မြန်မာနိုင်ငံတွင် ဆန်ထုတ်လုပ်မှုနှင့်ပက်သက်ပြီး ၂၀၁၇ – ၂၀၁၈ ခုနှစ်တွင် မိုးစပါးနှင့် နွေစပါး စိုက်ဧက ၁၈ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး စပါးထွက် တန်ချိန် ၂၇ သန်းကျော်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းမှာ ရန်ကုန် – မြဝတီ လမ်းမကြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ရှိပြီး ရေပူမှာ မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် တည်ရှိသည်။

လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်