တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးတင်းမာမှု တရုတ်ဘက် ရပ်တည်မည်ဟု မလေးရှား ဆို

ကွာလာလာမ်ပူ မတ် ၁၁

မလေးရှားနိုင်ငံအနေဖြင့် တရုတ်နှင့် အမေရိကန်အကြားဖြစ်ပွားနေသည့် ကုန်သွယ်ရေးတင်းမာမှုအခြေအနေ တွင် တရုတ်နိုင်ငံဘက်မှ ရပ်တည်သွားမည်ဖြစ်ပြီး စီးပွားရေးနှင့်ပတ်သက်သည့်ပူးပေါင်းမှုများကို လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမတ်က ပြောသည်။

မဟာသီယာသည် တရုတ်နှင့် သံတမန်အရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် ထိုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းရှိပြီး တရုတ်နှင့်အတူပူးပေါင်းရန်အသင့်ရှိနေသည်ဟု ပြောခဲ့သည်။

အသက် ၉၃နှစ်အရွယ် မလေးရှားဝန်ကြီးချုပ်သည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို မလေးရှားသို့ အရှိန်အဟုန်နှင့် ဝင်ရောက်လာစေရန်မျှော်မှန်းထားကြောင်း ပြောသည်။ ယင်းသို့ဖြင့် မလေးရှားနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

“မလေးရှားသည် တရုတ်နှင့် ပိုမိုနီးစပ်လိုပြီး တရုတ်၏ ချမ်းသာကြွယ်ဝမှုများမှတစ်ဆင့် မလေးရှား၏ ဈေးကွက်စီးပွားရေးကိုမြှင့်တင်သွားမည်”ဟု ဝန်ကြီးချုပ်က ပြောသည်။

မလေးရှားသည် တရုတ်နှင့် ရေရှည်လက်တွဲသွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်သွားမည် ဟုလည်း ၎င်းကပြောသည်။

စီးပွားရေးလေ့လာသုံးသပ်သူများက မလေးရှားနိုင်ငံသည် တရုတ်နှင့် ဈေးကွက်စီးပွားရေးစနစ်တွင် ပူးပေါင်းလုပ်ဆောင်နိုင်ပါက အရှေ့တောင်အာရှ စီးပွားရေးကို ဦးဆောင်နိုင်သည့် နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ထင်မြင်ချက်ပေးကြသည်။

တရုတ်သမ္မတ ဝမ်ရိသည် မလေးရှားဝန်ကြီးချုပ်နှင့် မကြာသေးမီက သံတမန်ရေးအရ တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို အလွတ်သဘော ဆွေးနွေးခဲ့သေးသည်။

ထို့နောက်တစ်ပတ်အကြာတွင် တရုတ်ဘက်မှ ရပ်တည်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က မီဒီယာများကို တရားဝင် ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံထုတ် ဟွာဝေးကုမ္ပဏီကို အမေရိကန်အပါအဝင် အနောက်နိုင်ငံများက နည်းပညာ အသုံးချကာ သတင်းအချက်အလက်များ ခိုးယူရန်လုပ်ဆောင်နေကြောင်းစွပ်စွဲချက်များရှိခဲ့ပြီးနောက် တရုတ်နှင့် အမေရိကန်ကြားတွင် ကုန်သွယ်ရေးတင်းမာမှုများစတင်ခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံသည် ပထမဦးဆုံး ပူးပေါင်းမှု ခြေလှမ်းသစ်အနေနှင့် တရုတ်နိုင်ငံအခြေစိုက် ဟွာဝေးကုမ္ပဏီကို အခွန်လျှော့ကာ မလေးရှားနိုင်ငံတွင်းကုန်သွင်းခွင့်ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြား တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

CNBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်