ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုသိရှိနိုင်ရေး သတင်းသင်တန်းပေး

5

မော်လမြိုင် မတ်

မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း
ဆောင်ရွက်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်၊ သတင်းအင်္ဂါရပ်နှင့်
အညီ စိတ်ဝင်စားဖွယ် ရေးသားနိုင်ရန် ရည်ရွယ်၍ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာဆင့်ပွားသင်တန်းကို မတ်လ ၂ ရက်က ပြည်နယ်ကျေးလက်ဦးစီးဌာနရုံးခန်းမတွင ်ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ယင်းဌာနပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးမောင်က ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်ပြီး ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ပြသည့်အခါတွင် ဖတ်ချင်စဖွယ် ဆွဲဆောင်မှုရှိလာအောင် ရေးသားနိုင်ရန် သင်တန်းကိုလုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု အဖွင့်အမှာစကားတွင်ပြောကြားသည်။

“ ကျွန်တော်တို့ဝန်ထမ်းတွေကို သတင်းရေးရုံမဟုတ်ဘဲ ဌာနရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကို ဆောင်းပါးရေးနိုင်တဲ့အထိ မျှော်လင့်တယ်။ ဌာနသတင်းတွေကို ပြည်သူတွေ ဖတ်ချင်အောင် အကျိုးရှိရှိတင်ပြနိုင်အောင် သင်တန်း ပြုလုပ်ပေးတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

သင်တန်းတွင် မွန်ပြည်နယ်အခြေစိုက် ဟင်္သာမီဒီယာမှ အယ်ဒီတာချုပ်နှင့်အယ်ဒီတာများက အခြေခံသတင်းရေးသားနည်းဆိုင်ရာအချက်အလက်များ၊ သတင်းတန်ဖိုးသုံးသပ်နည်း နှင့် သတင်းကောင်းတစ်ပုဒ်၏အရည်အချင်းများအကြောင်းကို သင်ကြားပို့ချပေးခဲ့သည်။

သင်တန်းတက်ရောက်သူ ရေးမြို့နယ်မှအကြီးတန်းစာရေး ဦးမင်းမြတ်သာက “အရင်တုန်းကတော့ သတင်းရေးတဲ့အခါ ‘ ဘ’ ခြောက်လုံးပါရမယ်လောက်ပဲသိတာ၊အခုဒီသင်တန်းတက်လိုက်တော့ သတင်းကောင်းတစ်ပုဒ်ဖြစ်ဖို့ ဆောင်ရန်ရှောင်ရန်နည်းတွေအပြင် သတင်းရဲ့ နောက်ခံအကြောင်းအရာတွေနဲ့ ရှေ့ပြေးသတင်းတွေပါ ထည့်ရေးရမယ်ဆိုတာ သိလာတယ်၊ပိုပြီး ကောင်းကောင်းမွန်မွန် ရေးလာနိုင်တော့မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

အဆိုပါသင်တန်းသို့ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအောက်ရှိ မြို့နယ် ၁၀ မြို့နယ်မှ သင်တန်းသား ၁၈ ဦးနှင့်လူထုဗဟိုပြုစီမံကိန်းမှ သင်တန်းသား နှစ်ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း အဆိုပါဝန်ထမ်းများကို လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းပို့ချခဲ့ပြီး၊ဆက်လက်၍လည်း စွမ်းဆောင်ရည်မြှင့် သင်တန်းများကို အလျဉ်းသင့်သလို ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း ပြည်နယ်ညွှန်ကြားရေးမှူးက ပြောခဲ့သည်။

ဇာနည်ဝင်း (ပေါင်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်