မျိုးစေ့နှင့် သီးနှံဆိုင်ရာ ဓာတ်ခွဲခန်း နှစ်ခု တည်ဆောက်နေ

29

ထားဝယ် မတ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မျိုးစေ့အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် သီးနှံ ပိုးမွှွား ကာကွယ်စစ်ဆေးရေး ဓာတ်ခွဲခန်းတို့ကို စိုက်ပျိုးရေးဦးစီးဌာန ထားဝယ်ခရိုင်ရုံးဝင်းအတွင်း၌ တည်ဆောက်နေကြောင်း သိရသည်။

မျိုးစေ့ ဓာတ်ခွဲခန်း အဆောက်အဦကို ယခု၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် အပြီးအစီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ “အခုဘဏ္ဍာရေးနှစ်မှာ တင်ဒါနဲ့ဆောင်ရွက်နေပြီ”ဟု စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းရုံးမှ စီမံကိန်းနှင့် မျိုးစေ့တာဝန်ခံ ဦးဝင်းအောင်က ပြောသည်။ တိုင်းအစိုးရခွင့်ပြုရန်ပုံငွေ ၅၄ ဒသမ ၆၃ သန်းဖြင့် ပေ (၄၀×၄-×၁၂) အကျယ်အဝန်း ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

သီးနှံဓာတ်ခွဲခန်းကို တိုင်းအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ယခုဘဏ္ဍာနှစ်တွင် ပေ (၄၀×၄၀×၁၂) အကျယ်အဝန်း RC ကွန်ကရစ်အဆောက်အဦအဖြစ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍“အခု ဖြည့်စွက်ဘတ်ဂျက်မှာ ဓါတ်ခွဲခန်းသုံးပစ္စည်းကို ဝယ်ဖို့
ငွေတောင်းခံထားတယ်”ဟု ဦးဝင်းအောင်က ပြောသည်။

မျိုးစေ့ဓာတ်ခွဲခန်းတွင်ဓာတ်ခွဲခန်းသုံးပစ္စည်းများတပ်ဆင်ပြီးချိန်တွင် စပါးမျိုးစေ့ကို အဓိကဓာတ်ခွဲစစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပြင်ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုလည်း စစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ မတပ်ဆင်နိုင်မီ လက်ရှိအချိန်တွင်မျိုးစေ့ပေါက်နှုန်းကိုစမ်းသပ်ပေးမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးပြီး မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

ဓာတုပစ္စည်းပါဝင်မှု၊ ပိုးမွှားနှင့်ရောဂါတို့ကို သီးနှံဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်မည်ဖြစ်ပြီးလက်ရှိအချိန်တွင်ယင်း ဓါတ်ခွဲခန်း၌တာဝန်ထမ်းဆောင်မည့်သူများကို သင်တန်းစေလွှတ်ထားကြောင်း သိရသည်။အလားတူဓာတ်ခွဲခန်းကို ထားဝယ်ပြီးလျှင် မြိတ်မြို့နှင့်ကော့သောင်းမြို့တို့တွင်လည်း ဆက်လက်တည်ဆောက်ရန်ရှိကြောင်း သိရသည်။

သီးနှံဓါတ်ခွဲခန်းတည်ဆောက်ပြီးစီးပါက ဒေသထွက် သီးနှံများကို အခမဲ့ ၊ သို့မဟုတ် သင့်တင့်သောနှုန်းထားဖြင့် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် လုပ်ငန်းလည်ပတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က မြေဆီလွှာဓါတ်ခွဲခန်းကို ယင်းရုံးဝင်းတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး တောင်သူများ၏ စိုက်ပျိုးမြေများကို ဓါတ်ခွဲ စစ်ဆေးပေးလျက်ရှိကြောင်း၊ ထိုင်းနယ်စပ်ရှိ ထီးခီး၊ မောတောင်၊ ကော့သောင်း စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် သီးနှံ ပိုးမွှားထိန်းချုပ်ရေးစစ်ဆေးရေးစခန်း အသီးသီးကို တည်ဆောက်ထားပြီး ထိုင်းဘက်ခြမ်းမှ ဝင်ရောက်လာသော သီးနှံများသာမက သားငါးများကိုပါ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကလည်း ကာလတိုဘတ်ဂျက်ဖြင့် လောင်းလုံးမြို့စိုက်ပျိုးရေးဦးစီးဌာန အနောက်ဖက်တွင် မျိုးစေ့သန့်စင်စက်ရုံ တည်ဆောက်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

တင့်လွင်

Advertisements

Leave a Reply