ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ဈေးကွက်အတွင်း သွားရောက် စစ်ဆေးမည်

ထားဝယ် မတ်

တနင်္သာရီတိုင်းဒေသကြီး ဈေးကွက်ရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်များကို ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ယခု မတ်လအတွင်း သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တိုင်းရုံးထံမှ သိရသည်။

“ အခုလူစုနေတယ်၊ တစ်လကို နှစ်ကြိမ်လောက်တော့ ရွေ့လျားဓါတ်ခွဲယာဉ် ထွက်မယ်”ဟု ယင်းရုံးမှ ဒေါက်တာဟိန်းမင်းထက်အောင်က ပြောသည်။

ခရိုင်ရုံးစိုက်ရာ ထားဝယ်၊မြိတ်၊ကော့သောင်း မြို့များရှိ ဈေးများသို့ တစ်နှစ်လျှင် သုံးကြိမ်၊ မြို့ငယ်များတွင် တစ်နှစ်လျှင် နှစ်ကြိမ် အနည်းဆုံး ရွှေ့လျားဓါတ်ခွဲယာဉ်ဖြင့် သွားရောက်စစ်ဆေးမည်ဟု ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

Advertisements

အထက်ပါရုံးသို့ နေပြည်တော်ရှိ FDAရုံးချုပ်မှ လွှဲပြောင်းပေးလာသည့် ရွေ့လျားဓါတ်ခွဲယာဉ် တစ်စီးမှာ ဖေဖေါ်ဝါရီ ၂၂ရက်တွင် ရောက်ရှိလာခဲ့ကြောင်း၊ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ တင်ပြပြီး ဈေးများသို့ အဆိုပါယာဉ်ဖြင့် သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

စားသုံးရန်မသင့် အစားအသောက်များကို တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်က သုံးမျိုး၊ ၂၀၁၇တွင် ငါးမျိုး၊ ၂၀၁၈ တွင်၁၉မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ စားသုံးရန်၊ သုံးစွဲရန် မသင့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်များ ရောင်းချသည့် ဆိုင်များကို ခံဝန်ကတိပြုလက်မှတ်ရေးထိုးစေခဲ့ရာ ၂၀၁၆တွင် ၃၅ ဆိုင် ၊ ၂၀၁၇တွင် ဆိုင် ၅၀၊ ၂၀၁၈တွင် ၆၃ ဆိုင် ရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ် ၁၀ ခု၊ မြို့ ၆ ခု ပါဝင် ဖွဲ့စည်းထားသည်။

တင့်လွင်

Advertisements

Leave a Reply