ပြည်သူ့ဝန်ထမ်းများ ပြည်သူအပေါ် တာဝန်ကျေရန်လို

72

မြဝတီ မတ်လ

တရားမဝင်ရောင်းချ ဝယ်ယူသော မြေယာကိစ္စများနှင်စပ်လျဉ်း၍ အစိုးရ၊ပြည်သူ၊ငြိမ်းချမ်းရေး အဖွဲ့အစည်းများအပါအဝင် အားလုံးသည် ပြည်သူများပင်ဖြစ်ပြီး တူညီသော အခွင့်အရေးများကိုသာရရှိမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က မတ်လ ၂ ရက်နေ့တွင် မြဝတီမြို့ City Home ခန်းမ၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင်ပြောခဲ့သည်။

ဥပဒေမဲ့ ရယူပိုင်ဆိုင်လိုခြင်းက ရယူလိုသူတို့သာလျှင် အကျိုးစီးပွား ထိခိုက်နိုင်ပါသောကြောင့် ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ဆောင်ခြင်း၊ အားပေးခြင်း၊ မသိယောင်ဆောင်ခြင်းတို့ မလုပ်ကြဘဲ သိသူများက မသိသူများကို စနစ်တကျ နည်းပေးလမ်းပြခြင်းဖြင့် ကရင်ပြည်နယ် အတွင်းရှိ ပြည်သူများ၏ အကျိုးစီးပွားနှင့် တိုးတက်မှုကို ဥပဒေဘောင် အတွင်းမှ ကူညီဆောင်ပေးကြပါရန်ပြည်နယ်ဝန်ကြီးချုပ်ကဆက်လက်ပြောသည်။

ပြည်သူ့ဝန်ထမ်းများ အနေဖြင့် ပြည်သူလူထုပေါ် တာဝန်ကျေရန် လိုအပ်ပြီး၊ တာဝန်ကျေသူများ အပေါ် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် ကာကွယ် စောင့်ရှောက်ရန် အမြဲအဆင်သင့် ရှိပါကြောင်း၊ ဥပဒေမဲ့ ဆောင်ရွက်မှုများ အပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် တိတိကျကျ အရေးယူ ဆောင်ရွက်သွားမည်ကြောင်း၎င်းက ဆိုသည်။

ဆက်လက်၍ လုပ်ငန်းငယ်များ ပိုမိုဖြစ်ထွန်း ပေါ်ထွက်လာရေး အတွက် အသေးစား ချေးငွေများ ရယူ အသုံးချနိုင်ကြစေရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် များမကြာမီ ကာလအတွင်း National Grid မှ ဆက်သွယ်ရယူမည့် လျှပ်စစ်ဓာတ်အားကိုလည်း ဈေးနှုန်း ချိုသာစွာဖြင့် ရယူသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူ ဆောင်ရွက်သည့် အချိန်တွင် ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပြည်သူများ အတွက် တိုးတက်မှုနှင့်အတူ ကောင်းမွေများကိုသာ ပေးထားခဲ့လိုကြောင်း မှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် နှင့်အတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြဝတီ ခရိုင် / မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင် စိတ်ဝင်စားသူ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုးကား- ကရင်ပြည်နယ်အစိုးရအဖွဲ့

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်