ဝန်ကြီးချုပ်အသစ် အမည်စာရင်းရလျှင် တနင်္သာရီလွှတ်တော်တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူမည်

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်မောင်

ထားဝယ် မတ် ၁၂

တနင်္သာရီတိုင်းဒေသကြီၤးဝန်ကြီးချုပ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော အမည်စာရင်းရရှိလျှင် အရေးပေါ်အစည်းအဝေး အမြန်ဆုံး ခေါ်ယူ၍ ကျမ်းသစ္စာဆိုခြင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

“မှန်းထားတာကတော့ အခုအပတ်ထဲမှာတော့ အမည်စာရင်း ပေးပို့တာတွေ ရလာမယ်၊ နောက်တစ်ပတ်မှာ အရေးပေါ်အစည်းအဝေး ခေါ်ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ရှိတယ်”ဟု ၎င်းကဆို၏။

ယခုအချိန်တွင် ဒေါက်တာလဲ့လဲ့မော်ကို တိုင်း ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲလိုက်သည့်စာနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို ခေတ္တ ဝန်ကြီးချုပ် တာဝန် ပူးတွဲ ပေးအပ်ကြောင်း စာနှစ်ေစောင် မတ်လ ၁၁ ရက်တွင် လက်ခံရရှိထားကြောင်း ၎င်းက ပြောသည်။

တိုင်းအတွင်း ပြုပြင်ပြောင်းလဲရေး ပြုလုပ်ချိန် အခက်အခဲများရှိ၍ ဝန်ကြီးချုပ်အသစ်သည် ထက်မြက်ပြီး ဗဟိုအစိုးရနှင့် ပါတီတို့၏ မူဝါဒများနှင့်အညီ အမြန်ဆုံး ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်မျိုး ဖြစ်စေလိုကြောင်း ၎င်းက ပြောသည်။ ဦးမြင့်မောင်သည် အစိုးရအဖွဲ့တွင် အတွေ့အကြုံ ရှိပြီးသူဖြစ်၍ ဝန်ကြီးချုပ်ဖြစ်မည်ဟု မှန်းထားကြောင်း၊ သို့ဖြစ်ပါက အစိုးရနှင့် လွှတ်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ရရှိသွားနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ထားဝယ်တိုင်းရင်းသားများပါတီ ဒုဥက္ကဋ္ဌ ဦးအေးက “ကိုမြင့်မောင်ကို အပြစ်ပြောစရာ အကြီးအကျယ် မရှိဘူး၊ ဒါပေမဲ့ လုပ်ရည်ကိုင်ရည်တော့ လိုအပ်လိမ့်မယ်၊ အလုပ်ထဲကနေ သင်ဆောင်သွားမယ်ဆိုရင် အဆင်ပြေလိမ့်မယ်လို့ ထင်တယ်”ဟု ဆိုသည်။ ရိုးသားဖြောင့်မတ်ပြီး အဂတိတရားကင်းကာ ပြည်သူဖက် မျက်နှာမူသည့် ဝန်ကြီးချုပ်မျိုး ဖြစ်သင့်ကြောင်း ဦးအေးက ထောက်ပြသည်။

တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများတွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်သည် ပြည်သူများ ဝေဖန်ခံရမှု အနည်းဆုံး ဝန်ကြီးတစ်ဦးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ခေတ္တ ဝန်ကြီးချုပ် ဦးမြင့်မောင်က“နိုင်ငံတော်ရဲ့ မူဝါဒတွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ မူဝါဒတွေ ရှိတယ်၊ လုပ်လက်စပေါ့၊ အဲဒီဟာကိုပဲ ကြားကာလ ဒါတွေပဲ အဓိကထား လုပ်မယ်၊ သက်ဆိုင်ရာဌာနအလိုက် ပြည်သူကို မျက်နှာမူပြီးတော့ ဆောင်ရွက်နေတယ်”ဟု ပြောသည်။

ဝန်ကြီး ဦးမြင့်မောင်မှာ ကော့သောင်းမဲဆန္ဒနယ် ၂ မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ဒီချုပ်တွင် အတွင်းရေးမှူး ဖြစ်သည်။

တင့်လွင်

Leave a Reply