တက္ကသိုလ်ဝင် စာမေးပွဲနှင့် ယတြာရောဂါ

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၆ရက်မှ စတင်ကာ ဖြေဆိုနေကြပြီဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ် သုံးခုဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် သင်္ချာဘာသာရပ်ကိုသာ ဖြေကြားနိုင်ခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသော ဘာသာရပ်များကို ဖြေဆိုရန် ကျန်ရှိနေသေးကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း စာမေးပွဲဖြေဆိုသူဦးရေ ၂၈,၈၂၁ ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၄.၂၅ ရာခိုင်နှုန်း ရှိကာ ပျက်ကွက်သူူဦးရေ ၁,၇၅၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၅.၇၅ ရာခိုင်နှုန်းရှိကြောင်း မွန်ပြည်နယ် ပညာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ယခုပစ္စက္ခသည် ကျောင်းသူ၊ ကျောင်းသားများအတွက် ရှေ့ရေးကို အဆုံးအဖြတ်ပေးမည့် အချိန်ဟုလည်း ဆိုနိုင်ပေ၏။ထို့အတူ မိဘများ၏ စိတ်တွင်လည်း သောက ဗျာပါဒ ကိန်းအောင်းကာ စိုးရိမ်ပူပန်မှုရေချိန် အမြင့်တက်ဆုံးကာလဟု ဆိုရပေမည်။

မိဘများ စိတ်တွင် စိုးရိမ်သောကနှင့် အပြိုင် ယုံကြည်မှု လွန်ကဲစိတ်တို့ကလည်း တစ်ဆက်စပ်တည်း ဒွန်တွဲ ဖြစ်ပေါ်လာကြသည်။ အချို့ကမူ အယူသီးခြင်းဟု ဝေဖန်ကြ၏။ အချို့ကလည်း အနာတစ်ခြား ဆေးတစ်ခြားဟူ၍ ရှုတ်ချကြပြန်၏။

မိဘအများစုမှာ မိမိတို့၏ ရင်သွေး သား၊ သမီးများ စာမေးပွဲဖြေဆိုရာတွင် ကောင်းကောင်းမွန်မွန်နှင့် ထူးထူးချွန်ချွန် ဖြေဆိုနိုင်ရန်အတွက် လောကီပညာအပေါ် အားကိုးခိုမှီလာခြင်းများ ရှိခဲ့သည်။

အာမခံချက် လုံးဝနီးပါး မရှိသော လောကီပညာအပေါ် မူလက အယုံအကြည် နည်းသူ ၊ မရှိသူတို့ပင် ‘ဒါလေး လုပ်ထားတာ ဘာပင်ပန်းတာ မှတ်လို့၊ အထောက်အကူ မဆိုစလောက် ဖြစ်တော့ရော နည်းသလား’ဟု လေသံထွက်လာကြသည်။ စမ်းသပ်ကြည့်သလိုလို ၊ အပျော်သဘောလိုလို စကားခွန်းဟလာသူ ကျောင်းသားမိဘတို့ကို ရပ်ထဲရွာထဲ ဟိုဟိုဒီဒီမှာ မြင်တွေ့လာရသည်။

နတ်ကတော်များ ဝင်ငွေဖြောင့်လာသည်။ ဗေဒင်ဆရာတို့ ရပေါက်ရလမ်း ပွင့်လာသည်။
မမြင်နိုင်သော ခိုကိုးရာဆီ မျှော်မှန်းရင်း မရေရာသော အာမခံချက်ကို အရ ဖမ်းဖို့ ကြိုးစားလာကြသည်ဆိုရမည်။

နတ်၊ ဗေဒင် မေးမြန်းခြင်း၊ ယတြာချေခြင်းများတွင် ကျောင်းသးမိဘများ အလုအယက် တိုးဝှေ့နေသည့် ဒေသအချို့ကိုလည်း မြင်တွေ့ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဤကဲ့သို့ ပြုမူမှုများသည် ယခုမှ ပြုလုပ်လာကြခြင်း မဟုတ်ဘဲ ယခင့်ယခင် နှစ်များကပင် စတင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေကြသည့် ကလေးများ၏ စိတ်တွင်လည်း ထို ယုံကြည်မှုများသည် စတင်သန္ဓေတည် လာခဲ့သည်။

မြန်မာစာဘာသာရပ် စတင်ဖြေဆိုသည့် မတ်လ ၆ရက်တွင် ကျောင်းသူလေးများ ဦးခေါင်းထက် ပန်ဆင်ထားသော ပန်းကလေးများ၊ သစ်ခက်သစ်ညွန့်များကို တွေ့ခဲ့ရသည်။ ကံကော်ပွင့်၊ ကံကော်ရွက်၊ ဂန္ဓမာပန်းနှင့် အောင်သပြေ စသည် စသည်။

ကျောင်းသူ၊ ကျောင်းသား အချို့၏ လက်ကောက်ဝတ်တွင် အနီရောင်၊ အဖြူရောင် အဆောင် လက်ပတ်ကြိုးလေးများ ဝတ်ဆင်ထားသည်ကိုလည်း တွေ့ရသည်။

ကြံရည်ဖန်ရည် ကောင်းစေရန်၊ ကြံရည်တစ်ခွက်နှင့် ရေနွေးကြမ်းတစ်ခွက် အိမ်က မထွက်မီ သောက်လာခဲ့ကြောင်း အမည်မဖော်လိုသည့် ကျောင်းသူကလေးတစ်ဦးက လေသံတိုးတိုးဖြင့် ဖွင့်ဟ၏။

အပ်ချ မတ်ချအောင်မြင်စေရန် အဝတ်ချုပ်အပ်တစ်ချောင်းနှင့် ငွေအကြွေ မတ်စေ့တစ်စေ့ကို ဖန်ခွက်ထဲ ထည့်ကာ ဘေးတွင် ဖယောင်းတိုင် တစ်တိုင် ထွန်းညှိပူဇော်ခဲ့သည်ဟု ဆိုသူလည်း ရှိ၏။

“အယုံအကြည်လွန်တာတော့ မဟုတ်ဘူးပေါ့နော်၊ ဘယ်လိုပြောရမလဲဆိုတော့ ပိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတာပေါ့နော်၊ ငါလုပ်နိုင်ပါတယ်ဆိုပြီးတော့၊ အဲဒါကြောင့် အမေဝတ်ခိုင်းတဲ့ လက်ပတ်လေး ဝတ်ထားတာပါ”ဟု မော်လမြိုင် အ.ထ.က(၂)တွင် ဖြေဆိုနေသည့် ကျောင်းသူ မသူဇာလင်းက လက်ကို နောက်ကျောဘက် မသိမသာ ကွယ်ဝှက်လိုက်ရင်း ပြောသည်။

စာကို သေချာ ကျက်မှတ်ထားသော်လည်း စာမေးခန်းထဲသို့ ဝင်ရာတွင် စိုးရိမ်ကြောက်ရွံ့စိတ်ဖြစ်မိကြောင်း၊ သို့စေကာမူ လက်တွင် ပတ်ထားသော အဆောင်လက်ဖွဲ့ကြောင့် ယုံကြည်မှု တစ်မျိုး ရှိနေကြောင်း သူမက ဆက်လက်ပြောသည်။

နောက်ရက် ဖြေဆိုရန် ကျန်ရှိနေသော ဘာသာရပ်ကို ကောင်းမွန်စွာ ဖြေဆိုနိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသည့်တိုင် စာမေးပွဲအခန်းထဲသို့ ဝင်ရာတွင် အဆောင်လက်ဖွဲ့ ဝတ်ဆင်သွားဦးမည်ဖြစ်ကြောင်း သူမက ဖြည့်စွက်ပြော၏။

ကျောင်းသားမိခင် တစ်ဦး ဖြစ်သူ မခိုင်ဇာဝင်းက “စာမကျက်ရင်တော့ မရဘူးဆိုတာ သိပေမယ့် ကံပေါ့နော်၊ အစ်မဘက်ကလည်း တတ်နိုင်သလောက် လုပ်ပေးတာပေါ့၊ ဒီလိုမျိုး သူ့အတွက် လုပ်ပေးရင် ပိုပြီးအဆင်ပြေမယ်ထင်လို့ပါ၊ အစ်မတို့ ဆရာဆီမှာ ဗေဒင်တွက်လာတာကြာပြီ၊ မှားခဲ့တာ မရှိသေးဘူး၊ အဲဒါကြောင့် ယုံတာပါ၊ အဓိကက ကလေးအတွက်ပါပဲ”ဟု ပြောပြသည်။

စာမေးပွဲမတိုင်မီ အတော်စောစောကာလက ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ခန်းစာနှင့် ပုစ္ဆာများအကြား ခေါင်းမဖော်နိုင်ချိန်တွင် ကျောင်းသားမိဘအချို့မှာလည်း မိမိအတွေးနှင့် မိမိ ကြိုတင်ကာ ဗေဒင်တွက်ချက်ခြင်းမျိုး ဆောင်ရွက်ထားပြီး သားဖြစ်သူ ဖြေဆိုမည့် စာမေးပွဲတွင် ချောမွေ့ပြေလွင်စေရန် ဆောင်ရန် ၊ ရှောင်ရန်များကို သူ့တွက်ကိန်းနှင့်သူ ပြင်ဆင်ထားရှိကြောင်း သူမက ဖွင့်ဟ၏။

လက်ရှိအချိန်တွင် မိမိ ရင်သွေးငယ်၏ ရှေ့အနာဂတ် ထူးချွန် အောင်မြင်မှု ရရှိနိုင်ရန်ကိုသာ စိတ်ပူပန်နေသောကြောင့် အခြားသူအမြင်တွင် မည်သို့ဖြစ်နေမည်ကို တွေးတောနိုင်ခြင်းမရှိသေးဟုလည်း သူမက ဆို၏။

တက္ကသိုလ်ဝင်တန်းစာမေးပွဲခန်းထဲ ဝင်တော့မည့် မောင်အာကာစိုးက “ကျွန်တော် စာမေးပွဲ မဖြေခင် တစ်လလောက်ကတည်းက ဖြေတဲ့နေ့မှာ သုံးမယ့် ဘော့ပင်၊ ခဲတံ၊ ပေတံနဲ့ ခဲဖျက်တွေကို ဘုရားစင်ပေါ်မှာ တင်ထားတယ်၊ ဘုရားရှိခိုးတိုင်း ဆုတောင်းတယ်၊ စာမေးပွဲ သွားဖြေရင် ယူသွားတယ်၊ ပြန်လာရင် ပြန်တင်ထားတယ်၊ စာတွေကတော့ရနေပြီ၊ ဖြေပြီးတဲ့ ဘာသာတွေကိုလည်း အားရပါတယ်”ဟု သင်္ချာဘာသာရပ် ဖြေဆိုရမည့်နေ့တွင် ပြောသည်။

လူမှုကွန်ရက်စာမျက်နှာထက်တွင်လည်းကောင်း၊ ရပ်ထဲရွာထဲတွင် လည်းကောင်း၊ ဈေးထဲလမ်းထဲတွင်လည်းကောင်း ဝေဖန်ရှုတ်ချသံ၊ ကဲ့ရဲ့ပြစ်တင်သံတို့ ကျယ်လောင်ခဲ့သည်။

အချို့ကလည်း အရေအတွက်များပြားလှစွာသော ကန်တော့ပွဲ တစ်သီတစ်တန်းကြီးကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်တွင် တင်ပြဖြန့်ဝေရင်း ပြက်ရယ်ပြုကြသည်။

သန်လျက်ကိုင်ထားသည့်ဟန် နတ်ဘီလူး ရုပ်တုတစ်ခု၏ ကိုယ်ထည်တွင် မောင် ဘယ်သူ အောင်မြင်ပါစေ၊ မ ဘယ်သူ ထူးချွန်ပါစေ စသဖြင့် အသီးသီး ရေးကပ်ထားသော စာရွက်များ အထပ်ထပ် ဖုံးလွှမ်းနေသည်ကို ဓာတ်ပုံရိုက် ဖော်ပြကာ ရယ်သွမ်းသွေးသူလည်း မရှားချေ။

စာမေးပွဲဖြေဆိုမှု ရလဒ် သုညထွက်မည်ကို စိုးရိမ်သောကြောင့် စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း ဘဲဥ၊ ကြက်ဥ စားသောက်ခြင်းကို အထူးရှောင်ကြဉ်မိကြောင်း ရိုးရှင်းစွာ ပြောပြနေသည့် ကျောင်းသားကျောင်းသူ အချို့ကိုလည်း မြင်ခဲ့ရသည်။

မမြင်နိုင်သေးသော နောင်ရေးအတွက် မမြင်နိုင်စွမ်းသော အားကိုးရာကို ရေရှည်မဟုတ်သော်မျှ ယာယီသဘော ခိုမှီးလိုစိတ် အသီးသီးက မိဘအချို့၏ ရင်ဝယ် ဖြစ်တည်နေ၏။ အင်းအိုင်ခလှည့်၊ အဆောင်လက်ဖွဲ့အချို့ကို မြင်သာသည်လည်း ရှိခဲ မမြင်သာသည်လည်း ရှိခဲ့၏။ အချို့လည်း ထုတ်ဖော်ပြောဆိုသည်၊ အချို့မူ သိုသိုသိပ်သိပ်ထားကြပြန်သည်။

အဆောင်အဖြစ် ပန်းပန်ခြင်း၊ အဆောင်လက်ဖွဲ့ ဝတ်ဆင်ခြင်းများသည် စာမေးပွဲအခန်းအတွင်း၌ တစ်စုံတစ်ရာ ထိခိုက်ခြင်း၊ စိတ်အနှောက်အယှက် ဖြစ်စေခြင်းများ မရှိသောကြောင့် ခွင့်ပြုပေးထားကြောင်း စာမေးပွဲအခန်းစောင့် တာဝန်ထမ်းဆောင်နေရသော ဆရာမတစ်ဦးက ပြောသည်။

“ဒါက စာကူးတာလည်း မဟုတ်ဘူး၊ မရိုးမသားလုပ်ထားတာလည်း မရှိတဲ့အတွက် ခွင့်ပြုလို့ရပါတယ်၊ စာမေးပွဲဖြေနေတဲ့ ကလေးတွေကိုလည်း စိတ်အနှောက်ယှက်ဖြစ်စေတာမျိုး မရှိခဲ့ဘူးလေ၊ သူတို့ရဲ့ စိတ်ဓာတ်အကူပေါ့၊ စိတ်ဓာတ်ကို ပိုမိုခိုင်မာအောင် အကူ ယူူတဲ့သဘောနဲ့ အဆောင်တွေ ဝတ်ဆင်လာတာလို့ မြင်ပါတယ်”ဟု ၎င်းက စောကြောသုံးသပ်ပြသည်။

တန်ခိုးကြီးစေတီ တစ်ဆူ၏ စောင်းတန်းတွင် ဟောခန်းဖွင့်လှစ်ထားသူ လက္ခဏာ ဗေဒင်ဆရာတစ်ဦးက ယခု ဆယ်တန်းစာမေးပွဲကာလ မတိုင်မီကပင် ယတြာချေရန် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းအချို့ ကြိုကြိုတင်တင် စုဆောင်းထုပ်ပိုးထားသည်မျိုး ပြုတတ်ကြကြောင်း သူသိသမျှ အသိုင်းအဝိုင်းအကြောင်းကို ဖွင့်ဆိုသည်။

“လူဆိုတာကတော့ ယုံကြည်မှုအမျိုးမျိုးပေါ့လေ”ဟု သူက ကန်တော့ပွဲ တစ်ပွဲကို အမွှေးတိုင် ထွန်းညှိနေရင်း မှတ်ချက်ပြုလိုက်သည်။

မရမ်းကုန်းရပ်ကွက်နေ မော်လမြိုင်မြို့ခံ ကျောင်းသားမိဘ တစ်ဦးက ယခုလို ပြော၏။

“လှောင်ပြောင်ရှုတ်ချတာတွေ ရှိတာပေါ့။ ဝေဖန်ပြစ်တင်တာတွေလည်း ကြားရတယ်။ သိပ္ပံနည်း မကျဘူး၊ လက်တွေ့ မဆန်ဘူး၊ ခေတ်နဲ့ မဆီလျော်ဘူး စသဖြင့် အမျိုးမျိုးပါပဲ။ ဒါပေမယ့် မိဘဆိုတာကတော့ သိပ္ပံနည်း ကျကျ မကျကျ၊ လက်တွေ့ ဆန်ဆန် မဆန်ဆန်၊ ခေတ်နဲ့ ညီညီ မညီညီ စိုးရိမ်ကြတယ်၊ ပူပန်ကြတယ်၊ ကာကွယ်ပေးချင်ကြတယ်လေ၊ ဘာပဲပြောပြော အခု ဒီခဏတာ လုပ်ရပ်ကလေးတွေဟာ သားသမီးအပေါ် မိဘတွေက ဘယ်လိုမျိုး မျှော်လင့်ထားလဲ ဖြစ်စေချင်ကြလဲဆိုတာ ပြသနေတဲ့ ပြယုဂ်ပါပဲလို့ မှတ်ချက်ပေးချင်တယ်”ဟု အပြုသဘောဖြင့် အကောင်းမြင် သုံးသပ်ပြလိုက်လေသည်။

နောက်တစ်ဆက်တည်းပင် သူက

“ယုံကြည်မှုက မှားချင်မှားနေပါလိမ့်မယ်၊ ဒါပေမဲ့ ခွန်အားတစ်ရပ်တော့ ဖြစ်စေတာပဲ…”ဟု ဆိုလေသည်။ ။

ထိုက်ထိုက်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်