တစ်ပတ်အတွင်း လွှတ်တော်သတင်း

ဓာတ်ပုံ - ပြည်သူ့လွှတ်တော်

မွန်ပြည်နယ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ယခုတစ်ပတ်အတွင်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် ထောက်ခံဆွေးနွေးခြင်း အကြောင်းအရာများကို စုစည်းဖော်ပြလိုက်ပါသည်။

မတ်လ ၄ရက်၊ ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂ဝရက်မြောက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်(ခ) ဦးလှသန်းမြင့်က မြန်မာနိုင်ငံ အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်း လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဆိုတစ်ခုတင်သွင်းခဲ့သည်။

လက်ရှိတွင် မြေယာနှင့် ပတ်သက်ပြီး ဂရန်နှစ်ခုဖြစ်ပေါ်နေခြင်း၊ နှစ်ပေါင်းများစွာစိုက်ပျိုးနေသော မြေကို အပေါင်ခံထားသူ သို့မဟုတ် မဆိုင်သူက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ မူလစိုက်ပျိုးလုပ်ကိုင်သူ၏ သဘောတူညီချက်မရယူဘဲ လယ်ယာမြေ ပုံစံ(၇) ရယူသွားသောကြောင့် ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေရကြောင်း အဆိုတွင် ပါရှိသည်။

“တောင်သူတွေ စိုက်ပျိုးမြေ အငြင်းပွားမှုတွေ၊ ချေးငွေ ရရှိမှု အခက်အခဲတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ မြေယာပြဿနာ ဖြစ်ပွားမှုတွေကို ထိန်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့၊ အချက်အလက်စုံလင်တဲ့၊ မြေယာကဏ္ဍ ဖော်ဆောင်နိုင်ဖို့ လိုပါတယ်”ဟု ၎င်းက သည်။

Advertisements

ထို့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ မိမိပိုင်မြေ မဟုတ်သော မြေများ၊ စိုက်ပျိုးမြေများကို ပုံစံ(၇)ရရှိအောင် ဆောင်ရွက်ကာ စိုက်ပျိုးရေးအသုံးစရိတ် ချေးငွေများကို ရယူထားမှုများလည်း စိုက်ပျိုးရေးတောင်သူများ ကြုံတွေ့နေရကြောင်း ဆိုသည်။

တောင်သူများ အခက်အခဲ ကြုံတွေရသော မြေယာကဏ္ဍတွင် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာ အချက်အလက်ရရှိရေး၊ မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လျှက်ရှိရာ ထိုသို့ဆောင်ရွက်ရန်အတွက် မူလအခြေခံလိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစုမှတ်တမ်းတင်ထားနိုင်ရေး၊ ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ ပညာရှင်များ၏ အကူအညီများ ရယူလျှက် တစ်မျိုးတည်းသော မြေပုံစနစ် ပြုစုရေးနှင့် မြေယာ မှတ်ပုံတင်လုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်း ချမှတ် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့် တင်သွင်းသောအဆိုကို ကိုယ်စားလှယ် ၁၈ဦးတို့က ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်နယ်၏ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်မှု နှင့် ပတ်သက်ပြီး မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်က မတ်လ ၆ရက်၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်တွင် မေးမြန်းခဲ့သည်။

ယခင်က တက္ကသိုလ်ဝင်ခွင့် စိစစ်မှုကို မြန်မာနိုင်ငံရှိ တက္ကသိုလ်အားလုံးမှ ဝင်ခွင့်လမ်းညွှန်ချက်အရ ကျောင်းသား၊ ကျောင်းသူများ၏ ဦးစားပေးလျှောက်ထားမှုကို စိစစ်ခဲ့ကြပြီး လူဦးရေ ကန့်သတ်ချက်ကိုလည်း တက္ကသိုလ်လမ်းညွှန်၌ ထုတ်ပြန်ထားသည်ကို တွေ့ရှိရကြောင်း၊ တက္ကသိုလ်ဝင်ခွင့် စိစစ်ရေးအဖွဲ့မှ လျှောက်ထားသူ၏ ရမှတ်၊ လူဦးရေ ကန့်သတ်ချက်နှင့် ဦးစားပေး လျှောက်ထားမှုပေါ် မူတည်ပြီး စိစစ်ရွေးချယ်ကာ ထုတ်ပြန်သည်ဟု သိထားကြောင်း ၎င်းကဆိုသည်။

သို့သော် ၂ဝ၁၈ ပညာသင်နှစ်မှ စ၍ ကျောင်းသားများအား တက္ကသိုလ် ၁၁ခုကို သီးခြား လျှောက်ထားခွင့်ပြုခဲ့သည်။ ကျန်သည့် တက္ကသိုလ်များအား အဆင့်မြင့်ပညာဦးစီးဌာနကို တိုက်ရိုက်လျှောက်စေခဲ့သည်။

Advertisements

သီးခြား တက္ကသိုလ် ၁၁ခုမှ သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း လျှောက်ထားသူ၏ ရမှတ်၊ လူဦးရေ ကန့်သတ်ချက်အရ ရွေးချယ်သကဲ့သို့ ကျန်သည့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရေးအဖွဲ့မှလည်း ယင်းအတိုင်း ရွေးချယ်ကြောင်းဆိုသည်။

“ဥပမာပြောရရင် အမှတ်များတဲ့ ကျောင်းသားတစ်ယောက်က တက္ကသိုလ် ၅ခုကို ဝင်ခွင့်လျှောက်လိုက်တယ်၊ အမှတ်များတဲ့အတွက် တက္ကသိုလ် ၅ခုလုံးက လက်ခံလိုက်တယ်၊ အမှန်တကယ် တက်ရမှာက တက္ကသိုလ်တစ်ခုပဲလေ၊ အဲတော့ ကျန်တဲ့ နေရာ ၄ခုမှာက တကယ်တက်ချင်နေတဲ့ ကျောင်းသားတွေအတွက် လူဦးရေက ပြည့်ပြီ၊ သူတို့အတွက် နစ်နာတာပေါ့”ဟု ၎င်းကဆိုသည်။

တက္ကသိုလ် ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့နှင့် သီးခြားတက္ကသိုလ် ၁၁ခုမှ ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့တို့ ပေါင်းစည်းခြင်း မရှိသည်ကိုလည်းတွေ့ရသည်ဟု ၎င်းကဆို၏။

၎င်း၏ မေးမြန်းချက်ကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက “တက္ကသိုလ်ဝင်ခွင့် စိစစ်ရေးအဖွဲ့အနေနဲ့ ဇွန်လမှ အောက်တိုဘာလအထိ လျှောက်ထားသူများရဲ့ သင်တန်းရွေးချယ်မှု ကတ်ပြားများကို အမှတ်အများ အနည်းလိုက် စဉ်းထားတယ်၊ အမှတ်အများဆုံးရတဲ့ လျှောက်ထားသူရဲ့ ကတ်ပြားကနေ အများ၊ အနည်းလိုက် ကတ်ပြားတွေကို စိစစ်တယ်၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်အလိုက် အထူးပြုဘာသာရပ်အလိုက် လက်ခံဖို့ သတ်မှတ်ထားတဲ့ လူဦးရေအတွင်း ဝင်ခွင့်ပြုတယ်” ဟု ဖြေကြားခဲ့သည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူ၏ ရွေးချယ်မှု ကတ်ပြားတွင် ဖော်ပြထားသော ဦးစားပေး (၁)ကို အရင် စဉ်းစားပေးသော်လည်း လူဦးရေ ပြည့်နေပါက ဦးစားပေး (၂)ကို စဉ်းစားပေးကြောင်း ပြောသည်။

ဦးစားပေး (၂)တွင် ဖော်ပြထားသော တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ် (သို့မဟုတ်) အထူးပြု ဘာသာရပ်တွင် သတ်မှတ်ဦးရေ ပြည့်နေပါက ဦးစားပေး(၃)ကို စဉ်းစားပေးသည်ဟု ဆိုသည်။
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်စိစစ် ရွေးချယ်ရေးအဖွဲ့အနေဖြင့် ၂ဝ၁၈ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် သီးခြားတိုက်ရိုက်လျှောက်ထားခွင့်ပြုခဲ့သော ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အရေအတွက်မှာ ၁၁ခု ဖြစ်ကြောင်း ဆိုသည်။

၂ဝ၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်လာမည့် ကျောင်းသား၊ ကျောင်းသူများအတွက်မူ သီးခြားတိုက်ရိုက်လျှောက်ထားခွင့်ပြုသည့် တက္ကသိုလ်အရေအတွက်မှာ ၁၃ခုရှိလာမည် ဖြစ်သည်ဟု ဆိုသည်။

ယင်း တက္ကသိုလ် ၁၃ခုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွယ် တက္ကသိုလ် ၁၅ခု အတွက် တက္ကသိုလ် ဝင်ခွင့်လျှောက်ထားမည့် လျှောက်လွှာတစ်ခုတည်းကိုသာ ဦးစားပေး အစီအစဉ်အတိုင်း ဖြည့်စွက်လျှောက်ထားစေမည်ဖြစ်ကြောင်း ဆိုသည်။

မွန်ပြည်နယ်၏ အဓိက စိုက်ပျိုးထွက်ကုန်ဖြစ်သော ရော်ဘာစီးပွားရေးနှင့် ပတ်သက်ပြီး မွန်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရီရတနာက မတ်လ ၇ရက်၊ အမျိုးသားလွှတ်တော်၌ မေးခွန်း မေးမြန်းခဲ့သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသော မြို့နယ်ဖြစ်သောကြောင့် ရော်ဘာလုပ်ငန်းများသည် အခက်အခဲ အကျပ်အတည်းများဖြင့် ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။

“လုပ်သားရှားပါးမှုကြောင့် လုပ်ငန်းရှင်တွေအနေဖြင့် ထက်ဝက်စား ရာခိုင်နှုန်းဖြင့် အလုပ်ပေးနေရပြီး ရော်ဘာအတွင်း အလေးချိန်စီးစေမည့် သဲ၊ ကျောက်ခဲများကို ရောနှောထည့်သွင်း ရောင်းချနေသောကြောင့် ဈေးကောင်းမရခြင်း ကြုံနေတယ်”ဟု ၎င်းက ဆိုသည်။

ရော်ဘာဈေးကွက် ကျဆင်းခြင်း၊ နည်းပညာလိုအပ်ချက်ရှိနေခြင်း၊ အစေ့စိုက်ပျိုးခြင်း စနစ်ထက် ကိုင်းဆက်နည်းပညာ အစားထိုး စိုက်ပျိုးခြင်းနှင့် လုပ်သားရှားပါးခြင်းများကြောင့် လုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း ဆိုသည်။

မွန်ပြည်နယ်သာမက ကရင်ပြည်နယ်၌လည်း ကြုံတွေ့နေရသောကြောင့် မွန်၊ကရင် ရော်ဘာဈေးကွက် ပြန်လည်ဦးမော့ လာစေရန်အတွက် ဆောင်ရွက်သင့်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်သော လုပ်သား စီးဆင်းမှုကို ကာကွယ်နိုင်မည်ဟု အကြံပြုသည်။

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာခြံငယ်ရှင်များ အနေဖြင့် အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်နိုင်ပြီး တည်ငြိမ်သော ဈေးကွက်နှင့် ဈေးနှုန်း ရရှိခံစားနိုင်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်ဟု စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည် ဖြေကြားသည်။

ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရော်ဘာခြံပိုင်ရှင်များ၏ အခန်းကဏ္ဍသည် ကျယ်ပြန့်ပြီး ပိုမို အရေးပါကြောင်း ၎င်းကဆိုသည်။

“ရော်ဘာစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်က အဓိကကျတဲ့ ပြည်နယ်ဖြစ်တယ်၊ ရော်ဘာခြံရှင်တွေအနေနဲ့ ကျယ်ပြန့်ပြီး အရေးပါတဲ့ ကဏ္ဍမှာပါတယ်၊ ချေးငွေရရှိစေဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေတယ်”ဟု ၎င်းက ဆိုသည်။

ရော်ဘာခြံငယ်ရှင်များ မှိုင်းခံရော်ဘာစက်ရုံတည်ထောင်နိုင်ရန်အတွက် SME ချေးငွေ ရရှိစေရေး ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပတ်သတ်ပြီး နည်းပညာပေးခြင်း လုပ်ငန်းများသည် အခြေခံကျသော လုပ်ငန်းများဖြစ်ကြောင်း ၎င်းကထပ်မံဆိုသည်။

ရော်ဘာစိုက်ပျိုးနည်း၊ ပြုစုထိန်းသိမ်းနည်း၊ အစေးခြစ်နည်း၊ ရော်ဘာပြား ထုတ်လုပ်နည်း၊ အခြေခံ ရော်ဘာမျိုး ကူးနည်း နှင့် အဖူးကူးနည်း စသည့် နည်းပညာများကို ဆောင်ရွက်ပေးနေကြောင်း၊ ဈေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်သော ဒေသအလိုက် ရော်ဘာဈေးကွက်များ ပေါ်ပေါက်လာစေရန်အတွက် စီမံဆောင်ရွက်နေကြောင်း ၎င်းကဆို၏။

ရော်ဘာစက်ရုံများမှ ထုတ်လုပ်မှုများကို စံအရည်အသွေး သတ်မှတ်ချက်ဖြင့် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင့်တင့်သော စံချိန်စံညွှန်း ဖြစ်လာစေရေး ကြိုးပမ်းနေကြောင်း ဖြည့်စွက်ပြောဆိုသည်။

အလားတူ မွန်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ယခုအပတ်တွင် မေးခွန်း မေးမြန်းထားခြင်း မရှိသော်လည်း အခြားအဆို ထောက်ခံဆွေးနွေးမှုများကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်

Advertisements

Leave a Reply