ဗင်နီဇွဲလားအစိုးရကို ထောက်ပံ့ခဲ့သည့် ရုရှားဘဏ်ကို အမေရိကန် ပိတ်ဆို့

24

တိုကျို မတ် ၁၄

ဗင်နီဇွဲလားနိုင်ငံအစိုးရအဖွဲ့နှင့် သမ္မတ မာဒူရိုကို ငွေကြေးဆိုင်ရာထောက်ပံ့မှုပေးခဲ့သော ရုရှားနိုင်ငံ မော်စကို အခြေစိုက် ရုရှားဘဏ်တစ်ခုကို အမေရိကန်အစိုးရက ပိတ်ဆို့ကာ ပြစ်ဒဏ်ချခဲ့သည်။

အီဘရိုဖိုင်းနန့်မွန်နာစ် အမည်ရ ဘဏ်သည် ဗန်နီဇွဲလားအစိုးရပိုင်ဆိုင်သည့် ရေနံကုမ္ပဏီကို ငွေကြေးထောက်ပံ့ခဲ့သည့်အပြင် အခြား အကြမ်းဖက်မှုလုပ်ငန်းများတွင်လည်း ထောက်ပံ့မှု ပေးခဲ့ကြောင်း အမေရိကန်အစိုးရဘက်က ကြေညာသည်။

ထိုသို့ တရားမဝင် ထောက်ပံ့မှုကြောင့် မွန်နာစ်ဏ်ကို ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသအား ၎င်း၏ ပိုင်နက်နယ်မြေအတွင်း သွတ်သွင်းမှုနှင့် တာလတ်ပစ် အဏုမြူဒုံးလက်နက်များဆိုင်ရာ သဘောတူညီမှုများမှ နုတ်ထွက်မှုများကြောင့် အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံ အကြားတင်းမာမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေစဉ်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရုရှားဘဏ်တစ်ခု အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်အစိုးရသည် မွန်နာစ်ဘဏ်ကို ပိတ်ဆို့ရုံသာမက အမေရိကန်နိုင်ငံမှ ထည့်သွင်းထားသည့် အစုရှယ်ယာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုပါ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီက ဗင်နီဇွဲလားနိုင်ငံမှ ရေနံစိမ်းများကို ဆက်လက်ဝယ်ယူနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ရုရှားဘဏ်သည် ရုရှားအစိုးရကို ကိုယ်စားပြုကာ သမ္မတမာဒူရိုအစိုးရကို အကာအကွယ်ပေးရန် စစ်လက်နက်ပစ္စည်းပမာဏ အများ အပြားကို ပေးအပ်ခဲ့ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြိး မိုက်ပွန်ပီယိုက အခိုင်အမာပြောဆိုသည်။

ကျူးဘားနိုင်ငံကလည်း ဗင်နီဇွဲလားနိုင်ငံ လျှို့ဝှက် ရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးရန်အတွက် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကို ဗင်နီဇွဲလားနိုင်ငံသို့ စေလွှတ်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်