ရန်ကုန်ရှိ ရခိုင်များထံမှ ဆက်ကြေးကောက်သည်ဆိုသော သတင်းကို AA ငြင်း

(ဓာတ်ပုံ - ကေဇွန်နွေး / Myanmar Now)

14/03/2019

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခြေကုပ်ယူရန် ကြိုးစားနေသော ရက္ခိုင့်တပ်မတော် AA က ရန်ကုန်ရောက် ရခိုင်လူမျိုးများ နေရပ်မပြန်နိုင်ပါက လူတစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း ဆက်ကြေးကောက်သည်ဆိုသော သတင်းကို AA ဘက်က ပယ်ချလိုက်ပြီး ၎င်းတို့အနေဖြင့် မည်သူ့ထံကမျှ အတင်းအကျပ်ငွေမကောက်ခံဟု ပြောသည်။

ယမန်နေ့ကထွက်ရှိလာသည့် ပြည်တွင်းထုတ် The Speaker သတင်းဂျာနယ်တွင် ရန်ကုန်ရှိ ရခိုင်များ နေရပ်မပြန်နိုင်ပါက AA က တစ်ယောက်တစ်သိန်း ဆက်ကြေးကောက်သည်ဆိုသော သတင်းနှင့် ပတ်သက်ပြီး AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောခြင်းဖြစ်သည်။

“အဲဒီလိုလုပ်တာတော့မရှိပါဘူး။ သက်သက်လျှောက်ပြောနေကြာဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဘက်က အဲဒီလိုလုပ်တာမရှိပါဘူး” ဟု ၎င်းက ပြောသည်။

ရက္ခိုင့်တပ်မတော် AA ၏ ရန်ပုံငွေများထဲတွင် ရခိုင်တိုင်းရင်းသားများ၏ လှူဒါန်းငွေပါဝင်သော်လည်း ၎င်းတို့အားအတင်းအကျပ်ကောက်ခံခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့ဆန္ဒအရသာလှူဒါန်းခြင်းဖြစ်ကြောင်း ခိုင်သုခက ပြောသည်။

The Speaker ဂျာနယ်ပါသတင်းတွင် ရန်ကုန်တွင်နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်ဆိုသော အမည် မဖော်လိုသူ ရခိုင်တစ်ဦးကို ကိုးကားပြီး ၎င်းအနေဖြင့် ကိုယ့်ဒေသတွင်ကျန်ခဲ့သည့် မိသားစုဝင်များ အတွက် စိုးရိမ်ကာ မဖြစ်ဖြစ်အောင်ပေးခဲ့ရခြင်းဖြစ်သည်ဟု သတင်းတိုအဖြစ်ရေးသားထားသည်။ အဆိုပါ သတင်းတွင် AA ဘက်ကို မေးမြန်းထားသည်ကို မတွေ့ရပေ။

အဆိုပါ ဆက်ကြေးသတင်းနှင့်ပတ်သက်ပြီး လိုက်လံမေးမြန်းခဲ့သည့် ရခိုင်နိုင်ငံရေးသမားများ၊ ဒေသခံ ရခိုင် တိုင်းရင်းသားများရော ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများကပါ ထိုသတင်းမဟုတ်မှန်ဟု ဆိုကြသည်။

“မကြားမိပါဘူး။ ရန်ကုန်မှာဆက်နေရင် ငွေတစ်သိန်းပေးရမယ်ဆိုတာမျိုးလည်းမ ကြားမိဘူး။ အခုရခိုင် ကိုပြန်လာတဲ့သူတွေကို ကျနော်တို့မေးကြည့်တော့ သူတို့က မိဘတွေခေါ်လို့လာကြတာပါ။ သူတို့က အခြေအနေအေးသွားရင်ပြန်သွားမယ့်သူတွေကများပါတယ်။ ဒီလိုပိုက်ဆံကောက်တဲ့ကိစ္စကိုတော့မကြား မိပါဘူး” ဟု ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် လာရောက်နေထိုင်သော ကိုမင်းမင်းက လည်း အဆိုပါသတင်းသည် AA ကို ပုံဖျက်ခြင်းဖြစ်နိုင်သည်ဟု ပြောသည်။

“ရန်ကုန်မှာနေတဲ့လူတွေကလည်း တစ်သိန်းမဆိုထားနဲ့ စားဝတ်နေရေးအတွက် အနိုင်နိုင် ရုန်းကန်နေကြရတဲ့အခါ (ဒါမျိုး) မရှိပါဘူး။ ရခိုင်ပြည်ရဲ့ သဘောသဘာဝကို သူတို့မသိလို့ပြောတာပါ။ ဒီလောက်ငတ်မွတ်ခေါင်းပါးနေတဲ့ဟာ တစ်ရက်စာတောင် မနည်းရုန်းကန်နေကြရတာလေ။ ဒါမျိုးက မကောင်းဘူးပေါ့။ သူတို့ဆိုလိုချင်တာက ဒါက ရန်ကုန်ကရခိုင်တွေ ထောက်ပံ့နေတယ်လို့ ဆိုလိုချင်တာလား ဒါက အမုန်းပွားစေတာပေါ့။ အရှုပ်အထွေးကို ဦးတည်စေတာပေါ့” ဟု ၎င်းကပြောသည်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကလည်း AA ကို ထောက်ခံသည့် ရခိုင်အများအပြား ရှိကြောင်း၊ အကူအညီပေးသူများလည်း ရှိနိုင်ကြောင်း၊ ရန်ကုန်အထိလှမ်းပြီး ဆက်ကြေးကောက်သည်ဆိုတာကတော့ “ယုတ္တိမတန်” ကြောင်း ပြောသည်။

By ကျော်လင်း & အောင်ငြိမ်းချမ်း/ Myanmar Now

(ဓာတ်ပုံ – ကေဇွန်နွေး / Myanmar Now)

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်