GGS ကုမ္ပဏီမှ ဦးအောင်မြတ် ထားဝယ်တရားရုံးတွင် ဖြောင့်ချက်လာပေး

ဦးအောင်မြတ် ထားဝယ်တရားရုံးတွင် ဖြောင့်ချက် လာပေးသည့် မြင်ကွင်း

ထားဝယ် မတ် ၁၅

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မဖြင့် အမှုဖွင့်ခံထားရသော Global Grand Service –GGS ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်မြတ်က ထားဝယ်မြို့နယ်တရားရုံးသို့ မတ်လ ၁၅ ရက် ညနေတွင် ဖြောင့်ချက် လာရောက် ပေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

“သရက်ချောင်းမြို့မှာဦးထွန်းမင်း(တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ခင်ပွန်း) ပိုင်ဆိုင်တဲ့ အိမ်နဲ့ ခြံမြေ ရောင်းဝယ်ပြုလုပ်တဲ့ ကိစ္စနဲ့ပတ်သက်၍ ဖြောင့်ချက်ပေးလိုကြောင်း တင်ပြလာခဲ့ခြင်း ဖြစ်ပါတယ်”ဟု ထားဝယ်မြို့နယ်တရားရုံးမှ တရားသူကြီးဦးကျော်မြင့်က ဆိုသည်။

ဦးအောင်မြတ် ထားဝယ်တရားရုံးတွင် ဖြောင့်ချက် လာပေးသည့် မြင်ကွင်း

ထားဝယ်မြို့မရဲစခန်းမှ (ပ)၇၆၇/၂၀၁၉ အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃အရ စွပ်စွဲခံရသူ ဦးအောင်မြတ်ကို ရာဇဝတ်ကြီးကျင့်ထုံးဥပဒေပုဒ်မ ၃၆၄ အရ ဖြောင့်ချက် ရယူပေးပါရန် တင်ပို့လာသည့်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း၎င်းက ပြောသည်။ ဖြောင့်ချက်ပေးခြင်းဆိုသည်မှာ မိမိကျူးလွန်ကြောင်း၊ ပြစ်မှုအား မည်သို့ ကျူးလွန်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်ဟု သိရသည်။

ထားဝယ်မြို့နယ်တရားရုံးတွင် တံခါးပိတ်၍ ဖြောင့်ချက်ပေးခဲ့ခြင်းကြောင့် မည်သို့ ဆောင်ရွက်သည်ကို မသိရှိရပေ။

တိုင်း ဝန်ကြီးချုပ်မိသားစုပိုင်သည့် သရက်ချောင်း၊ မြို့မရပ်၊ မြိတ်-ထားဝယ်ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့် မြေကို ကာလတန်ဖိုး ကျပ် ၃၂၀သိန်း ကျော်ခန့်သာ ရှိသော်လည်း ကျပ်သိန်း၂၀၀၀ဖြင့် GGSကုမ္ပဏီသို့ ရောင်းချခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

သရက်ချောင်းမြို့တွင် GGSကုမ္ပဏီအား ရောင်းခဲ့သည့် အိမ်

GGSကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သော ဦးသိန်းထွေး၊ ဦးအောင်မြတ် နှင့်ဦးသူရအုံတို့သည် အိမ်နှင့်မြေကို ကာလတန်ဖိုးထက် ၆ဆခန့်ပိုသည့်တန်ဖိုးဖြင့် ဈေးပိုပေး ဝယ်ယူခဲ့ပြီး အကျိုးအမြတ်ရရှိမည့် လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟု ကော်မရှင်က ဆိုသည်။

GGSကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေး တည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလော မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာ လေးလုံး တည်ဆောက်ခြင်း၊နေပြည်တော်တွင် တိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ကော်မရှင် စစ်ဆေးရေးမှူးက GGSကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား ထားဝယ်မြို့မရဲစ ခန်းတွင်(ပ)၇၆၆/၂၀၁၉အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့်လည်းကောင်း၊(ပ)၇၆၇/၂၀၁၉ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် လည်းကောင်း မတ်လ ၁၀ရက်က အမှုဖွင့်ခဲ့သည်။

ထားဝယ်မြို့နယ်တရားရုံးတွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ဦးအောင်မြတ်အား မတ်လ၂၅ရက်အထိ ချုပ်မိန့် ရမန်တောင်းထား ပြီး ဦးသိန်းထွေးနှင့်ဦးသူရအုံအား မတ်လ ၂၂ရက်အထိ ချုပ်မိန့်ရမန်တောင်းထားသည်။

တင့်လွင်

ပုံစာအညွှန်း –

၁။ သရက်ချောင်းမြို့တွင် GGSကုမ္ပဏီအား ရောင်းခဲ့သည့် အိမ်

၂။ က ၊ ခ – ဦးအောင်မြတ် ထားဝယ်တရားရုံးတွင် ဖြောင့်ချက် လာပေးသည့် မြင်ကွင်း

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်