Advertisements

အခွပ်လွန်၍ အခွန်တွေ လွတ်နေသည်

အမ္ဗနဒီကျော်စွာ

NLDအစိုးရတက်လာသည်မှာ သုံးနှစ်ပြည့်မြောက်၍လာခဲ့လေပြီ။

ဘာဆိုဘာမျှမရှိ သုညအတိပြီးသော အခွံချည်းကျန် အလံမလဲသေးသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို ဆိုးမွေများများ ကောင်းမွေနည်းနည်းနှင့် ဇွတ်မှိတ် အံကြိတ်ကာ ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းတုတ် အနေအထားမျိုးဖြင့် တရွေ့ရွေ့ ချီတက်လာခဲ့သည်မှာ ၂၀၁၉အထိပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဘတ်ဂျက်မရှိ အကြွေးများသာပိ၍ ပီဘိ ဒုက္ခိတ နိုင်ငံတော်နှင့် စာတတ်သော်လည်း စာမဖတ်ကြသည့် သူများ နိုင်ငံရေးဆို ဝေးဝေးကရှောင်ကာ ကိုယ်နှင့်ပင် တကယ်မဆိုင်သည့်အလား ခြံစည်းရိုးခွထိုင်တတ်သည့် လူအများစုနှင့် လူတိုင်းလူတိုင်း ထမ်းဆောင်ရသည့် အခွန်အခများကိုတောင် ဟိုရှောင် ဒီရှောင် ယောင်တောင်တောင် လုပ်တတ်ကြသည့် သူများကြားတွင် အဖျက်သမားကတစ်ဖုံ၊ ဘေးထိုင်ဘုပြောကတစ်မျိုး ၊အဓိကလုပ်ကွက်မှန်သမျှ ခါးပိုက်ထောင်ထဲ ထည့်ထားကြသူများကတစ်သွယ်၊ ဘာသာရေးမီး ၊စစ်မီးမွှေးကြသူများက တချို့ နှင့် လိမ်ဖယ် လိမ်ဖယ်ခရီးကြမ်းမှာ မောပန်းနွမ်းလျှနေသည်မှာ ဧကန်ပင်ဖြစ်သည်။

Advertisements

သို့ပေတည့် ဤသို့ဤနှယ် မောပန်းနွမ်းနယ်နေလင့်ကစား အချင်းချင်း အငြင်းပွားကာ အချင်းများနေကြသည်က အမြင်မတော် ဆင်တော်နှင့်ခလောက် ဖြစ်ကာ ပြည်သူလူထုတို့ မျက်စိမှာ စပါးမွေးညစူးနေရပါသည်။အစိုးရ အဖွဲ့ဝင် ရာထူးအဆင့်အတန်းအမျိုးမျိုးကို ပြည်သူလူထုကရော အတိုက်အခံများကရော အလကားနေ ပစ်စာပို့တတ်သူများအပြင် မိမိတို့ အချင်းချင်းပါ တစ်ဦးနှင့်တစ်ဦး စောင်းကြ၊ ချိတ်ကြ ၊ပြောကြ ဆိုကြ တိုင်ကြ တောကြ စကားနာထိုးကြ ချောက်တွန်းကြနှင့် အိမ်ကြက်မဟုတ် တိုက်ကြက်မဟုတ်ဘဲ ခွပ်နေကြသည်မှာ မိဘပြည်သူများမှာ ကြည့်ရ မသက်သာလှပါ။အိမ်ကြက်များမို့ အိုးမဲသုတ်ပြီး အချင်းချင်းပြန်ခွပ်ခိုင်းသဖြင့် ခွပ်ကြရသည်က ကြားကောင်းပါသေးသည်။ယခုကား ကြက်မဟုတ်သော ဒေါင်းများဖြစ်သည်မဟုတ်ပါလား။ဒေါင်းမှာ မှ ခွပ်ဒေါင်း၊ ခွပ်သည့်နေရာတွင် တော်သည့် ခွပ်ဒေါင်းဖြစ်သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ရန်သူ၊ နိုင်ငံသူ/သားတို့၏ ရန်သူ မိဘပြည်သူလူအများတို့၏ရန်သူ တိုင်းသူပြည်သားတို့၏ ရန်သူများကို ခွပ်နေရမည့် ခွပ်ဒေါင်းများသည် ဘယ်နှယ်ကြောင့် အိုးမဲမသုတ်ရပါဘဲ အချင်းချင်း ပြန်ခွပ်နေကြပါသလဲဆိုတာ စဉ်းစားရ ကျပ်လှသည်။

ခြေမပေါ်၍ တော်လိုက်တာတွေရှိမည်။ ခြေမကောင်းလို့ ပြောင်းလိုက်တာတွေရှိသည်။ ခြေကပ်လို့ ရပ်လိုက် တာတွေရှိမည်။အပြောင်းအလဲတွေ ရှိခဲ့သလိုပင် ဗလောင်းဗလဲတွေလည်း ရှိခဲ့ပေလိမ့်မည်ဖြစ်သည်။ ဆန်ရင်း နာနာဖွတ် ဆိုသလို ကိုယ့်လူကိုယ် နာနာဖွတ်ပြခဲ့တာတွေလည်း ရှိခဲ့ဖူးသည်။အောက်ခြေမှစ၍ ဝန်ကြီး၊ ဝန်ချုပ်များအထိ ပြုတ်သည်။ ဖြုတ်သည်။ ပြောင်းသည်။ ေ
ရွှ့သည်ဖြင့် လူစားထိုးကာ ကစားကွက်များပြောင်းလာခဲ့သည်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောပါလာတာလည်း ရှိကို ရှိမည်ဖြစ်သည်။အဂတိလိုက်စားမှု တိုက်ဖျက်ရေးဖြင့် အကောင် မကြီးတကြီးများအထိ အနည်းအပါး ရှင်းပြထားတာကိုလည်း အားပေးရသည်။မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပိုင်ရှင်မဲ့ များလာတာကို ကြည့်ခြင်းအားဖြင့် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားသမားများ ကြောက်အားလန့်အားနှင့် ခြေကုန်သုတ် ပြေးသွားကြတာတွေကို မြင်တွေ့ရသည်။အစိုးရအဖွဲ့ဝင်များ လွှတ်တော်အမတ်များ နိုင်ငံတော်၏ ခေါင်းဆောင်ပိုင်းများနှင့် ပြည်သူလူထုကြား ကာဆီးထားသော အကြောက်အလန့်တရားများ ပါးလျားလာတာက ဝမ်းမြောက် ဂုဏ်ယူစရာပင်ဖြစ်သည်။ပင်လုံညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဒေသခံများနှင့်တွေ့ဆုံသည့် စကားဝိုင်းများ အောင်မြင်ဖြစ်ထွန်းလာခြင်းသည် ကောင်းမွန်သော အလေ့အထကို မွေးဖွားပေးခြင်း အစပင် ဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးအဖွဲ့များကို ပြည်သူလူထုက တိုက်ရိုက် ကိုင်တွယ်စီမံခွင့်ကို ရရှိလာသည်။အစိုးရဝန်ထမ်းများ အချို့ စိတ်နေသဘောထားများ နူးညံပျော့ပျောင်းလာကာ သိမ်မွေ့လာသူများ ရှိလာသည်မှာလည်း ကြိုဆိုစရာပင် ဖြစ်သည်။အရေးကောင်း ဒိန်းဒေါင်းဖျက် ဆိုသလိုပင် မြစ်ဆုံက တစ်စခန်းထလာသလို ရက္ခိုင်အရေးက ရင်မအေး စရာများဖြင့် အငှားကိုယ်ဝန်ဆောင်ထားရသည်။

ဒါတွေကို ရှင်းလင်းမည်ဆိုလျှင် ဘတ်ဂျက်လိုသည်။ ဉာဏ်ပညာလိုသည်။ အတွေးအခေါ်လိုသည်။ ပြည်သူလူထုတို့ အင်အားများစွာလိုသည်။ဒါတွေ အတော်များများကတော့ ရှိသည်။ မရှိလျှင်လည်း စုလို့ဆောင်းလို့ရသည်။ရှာလို့ ဖွေလို့ ရသည်။ပြည်သူလူထုကလည်း အကူအညီပေးရန် အသင့်စောင့်လျက် ရှိနေသည်။ခက်သည်ကား ဘတ်ဂျက်ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ငွေကြေးလိုသည်။နိုင်ငံတော်ပိုင် ငွေကြေးဗလာ၊ ပြည်သူကလည်းမချမ်းသာ အစိုးရအဖွဲ့အစည်းက မရှိ တောင်မင်းကို မြောက်မင်းက မကူနိုင် မကယ်နိုင်ကြသော အခြေအနေ ဖြစ်သည်။

ကျွန်ုပ်တို့ပြည်သူလူထုအားလုံးက တတပ်တအားဖြင့် လက်သန်းများမင်ရည်ဆွတ်ကာ အစိုးအဖွဲ့ဆိုသော ထိုင်ခုံပေါ် ဖူးဖူးမှုတ်တင်ထားကြသည်မှာကား အခြားမဟုတ်၊ ပြောင်းလဲချိန်တန်ပြီဆိုသော ဆောင်ပုဒ်နှင့်အညီ ပြောင်းလဲခြင်းများစွာတို့ကို အမှန်တကယ် သိလို ၊တွေ့လို ၊မြင်လို၊ ကြားလို ခံစားထိတွေ့လို၍ဖြစ်သည်ကို မမေ့ မလျော့ မပေါ့ဆဘဲ အသိတရားများဖြင့် သတိချပ်ထားကြစေလိုသည်။ငဖြီးကြီး ဆိုသော စကားများ နားထောင်လို၍ မဟုတ်။

ထိုသို့ပြောလိုက်မှ အလုပ်ထလုပ်ပြဖို့လည်း မဟုတ်။ ငါ့မြို့က ပိုကြီးသည်၊ သူ့မြို့က ပိုကြီးသည်နှင့် အချင်းချင်း ဂုဏ်တု ဂုဏ်ပြိုင် စကားနိုင်လုပြနေကြဖို့ မဟုတ်။အမျိုးအဆွေတွေကို အနားခေါ်ထားပြီး တိုင်ကြားခံကြရဖို့ မဟုတ်ပေ။

ပြည်သူ လူထုတို့ စိတ်ဆန္ဒများသည်မှာကား မည်သူမျှ ဂဃနဏ မသိလိုက် မမြင်လိုက် မကြားလိုက် မကြုံလိုက် ပါဝင်ဆောင်ရွက်ခြင်း မရှိလိုက်ပါဘဲ နတ်ရေကန်ထဲကျသလို ဘွားကနဲ ပေါ်လာသည့် ၂၀၀၈ အခြေခံဥပဒေ စာအုပ်ကြီးကို ပြင်ဆင်သင့်သည်များကိုပြင်ဆင်ရန် ၊အသစ်ရေးဆွဲပြဋ္ဌာန်းသင့်လျှင် အသစ်ရေးဆွဲပြဋ္ဌာန်းပေးကြရန် ငြိမ်းချမ်းရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရှိရန် အမျိုးသားရင်ကြားစေ့ရေးကို သွေးမကွဲဘဲ သွေးထွက်သံယိုမှုများ မရှိဘဲ ရရှိစေရန်သာဖြစ်သည်။

ပြည်သူချစ်သော တပ်မတော်ကြီးသည် နိုင်ငံရေးထဲတွင် ပါဝင်ပတ်သက်ရန် မလိုအပ်တော့ပါကြောင်း ကို သက်သေ သက်ကာယနှင့်တကွ လက်ဝယ် ပိုင်ပိုင် ခိုင်ခိုင်မာမာ ပြသပြီး စစ်တန်းလျားပြန်ကြဖို့ရန် ပြည်သူလူထု နှင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော အစိုးရအဖွဲ့အစည်းများက ကြိုးစားပြနိုင်ကြရန်ဖြစ်သည်။

ပြည်ထဲရေး ဝန်ကြီးဌာနကို သီးခြားရန်တည်နိုင်စေရန် စွမ်းရည်မြှင့်တင်ပေးရန်။ပြည်သူ့ ရဲတပ်ဖွဲ့သည်လည်း သီးသန့် ရပ်တည်နိုင်စေရန်၊ ပြည်သူလူထုက တိုင်ကြားစရာမလိုဘဲ မတရားမှုများ ၊အမှုအခင်းများ၊ အဂတိလိုက်စားမှုများ ၊လာဘ်စားမှုများ၊ မှောင်ခိုလုပ်ငန်းများ ၊တရားမဝင်လုပ်ငန်းများ၊ အဖျက်အမှောင့်လုပ်ငန်းကို လုပ်ကိုင်မည့်သူများ၊ လူဆိုး လူမိုက် လူရမ်းကားများကို ရှာဖွေ ဖမ်းဆီး ဖော်ထုတ်ကာ မိဘပြည်သူနှင့် တိုင်းပြည်ကို ကာကွယ် စောင့်ရှောက် လာနိုင်စေရန်၊ တရားရေးမဏ္ဍိုင်သည်လည်း ပြည်သူလူထုက အားကိုးလောက်သည့် ၊ ယုံကြည်လောက်သည် အထိ ပြန်လည်တည့်မတ်လာနိုင်စေရန်၊လူမှုဖူလုံရေးဝန်ကြီး ၊ယခု လူကယ်ပြန်ဌာနသည် နေရာအနှံ့ ရုံးစိုက်ပြီး ပြည်သူ လူထုအကျိုး ၊အများအကျိုး ၊အလုပ်သမားအကျိုး ၊ဝန်ထမ်းများအကျိုး ၊ကလေးသူငယ်များအကျိုး ၊သက်ကြီးရွယ်အို ဘိုးဘွားများအကျိုး ။ကိုယ်ဝန်ဆောင်များအကျိုး၊ မသန်စွမ်းများအကျိုး စသည်ဖြင့် လူမှုဖူလုံရေး လုပ်ငန်းစဉ်များကို ပြန်လည် အသက်သွင်းကာ စွမ်းစွမ်းတမံ လုပ်ကိုင်လာနိုင်စေရန်၊အကောက်ခွန်ဌာနကို အဂတိမလိုက်စားဘဲ လာဘ်လာဘမယူဘဲ တာဝန်သိသိ သစ္စာရှိရှိဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်တတ်လာစေရန်၊လဝက ဝန်ထမ်းများကိုလည်း မှတ်ပုံတင်ကိစ္စ ပတ်စ်ပို့ကိစ္စ သန်းခေါင်စာရင်း၊ သေစာရင်း ၊မွေးတိုးစာရင်းများတွင် ဝမ်းစတော့ဆားဗစ်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးသည့်ဝန်ဆောင်မှုများကို အဂတိမလိုက်စားဘဲ မှန်မှန်ကန်ကန် တိတိကျကျ မြန်မြန်ဆန်ဆန် လုပ်ကိုင်ပေးနိုင်ပြီး စမတ်ကတ်များ ဒစ်ဂျစ်တယ်စနစ်များဖြင့် ကျွမ်းကျင်ပါးနပ်လိမ္မာစွာ ဆောင်ရွက် တတ်လာစေရန်၊စသုံးလုံး ၊အက်စ်ဘ၊ီ စီအိုင်ဒီနှင့် ထွေ/အုပ်ဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်းများက ပြည်သူလူထုနှင့် ပူးပေါင်းကာ အခွန်ရှောင်သူများ တရားမဝင်လုပ်ငန်းလုပ်ကိုင်သူများ မှောင်ခိုလုပ်ငန်းလုပ်ကိုင်သူများ၊ လူကုန်ကူးသူများ ၊အဂတိလိုက်စားသူများကို ရှာဖွေဖမ်းဆီးကာ တရားဥပဒေအရ အရေးယူခြင်း ၊ဖမ်းဆီးခြင်း၊ ဒဏ်ငွေတပ်ခြင်း စသည်ဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြသည့် လူတော် လူကောင်းများ တတ်သိပညာရှင်များ ဖြစ်လာအောင် မြေတောင်မြှောက်ပေးမည့် အစိုးရအဖွဲ့အစည်းအဖြစ် စီမံဆောင်ရွက်နိုင်စေရန် ရည်သန်လျက် နိုင်ငံခေါင်းဆောင်များ ၊အစိုးရဝန်ကြီးများ ၊လွှတ်တော်အမတ်များအဖြစ် ရွေးချယ်တင်မြှောက်ကာ နေရာပေး မွေးဖွား လိုက်ကြသည်မှာ သတိမူစရာပင်ဖြစ်သည်။

ယခု မူးယစ်ဆေးဝါးတွေ ပိုင်ရှင်မဲ့နေသည်။ဘီယာဆိုင်များ စားသောက်ဆိုင်များ ကေတီဗွီများ ကွမ်းယာဆိုင်များ လမ်းဘေးဈေးဆိုင်များ မာဆတ်များ အရက်ဆိုင်များ လောင်းကစားဒိုင်များ အမျိုးမျိုးသော ပွဲစားများ စာချုပ် စာတမ်းများ အခွန်လွတ်နေကြသည်။အခွန်မဆောင်ဘဲ အခွန်ရှောင်နေကြသည်။

မင်းသား မင်းသမီးများ ၊ရုပ်ရှင် သရုပ်ဆောင်များ ၊အဆိုတော်များ ပွဲလမ်းသဘင်များ ကားဂိတ်များမှ တန်ဆာခဖြင့် သယ်ယူပို့ဆောင်နေသော ပစ္စည်းများ၊ အမြန်ချောလုပ်ငန်းများ ၊ဆေးဆိုင်များနှင့် ဆေးဝါးပစ္စည်းများ အလှကုန်ပစ္စည်းများ လူသုံးကုန်ပစ္စည်းများ လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေးဈေးဆိုင်သေးသေးလေးများက အစ ဆက်သွယ်ရေးကွန်ရက် အော်ပရေတာ လုပ်ငန်းကြီးများ ၊သယံဇာတတူးဖော်ရေးလုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများအလယ် ၊ရေကြောင်း ငါးဖမ်းသင်္ဘောလုပ်ငန်းများ အဆုံး ၊အားလုံး အာလုံးလိုလိုပင် ထမ်းဆောင်ရမည့် အခွန်ပမာဏထက် နည်းလျက် အချို့ သုံးပုံ ပုံ တစ်ပုံ တချို့က တစ်ဝက် ထမ်းဆောင်ကာ အချို့က လုံးလုံးလျားလျားရှောင်လျက် မြိုးမြိုးမြက်မြက် ဖြစ်နေကြသည်။

အခွန်များကို တန်းတူညီမျှ မှန်မှန်ကန်ကန် ရရှိအောင် ကောက်ယူခြင်းမရှိဘဲ မည်သည့်နိုင်ငံမှ ပန်းတိုင်ရောက်အောင် ရည်မှန်းချက်ပြည့်စုံအောင် စွမ်းဆောင်နိုင်ပေလိမ့်မည် မဟုတ်ပေ။ထို့ကြောင့် မိမိတို့ အစိုးရ အဖွဲ့အစည်းအချင်းချင်း အခွပ်တွေလွန်နေလျှင် အခွန်တွေလွတ်ကာ တောကြောင်တွေ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်နေကြမည့်အရေးကို တွေးပူလျက် မိချောင်းမင်းများအား ရေခင်းပြလိုက်ရပါသည်။ ။
အမ္ဗနဒီကျော်စွာ

Advertisements

Leave a Reply