ကရင်ပြည်နယ်တွင် ဧည့်လမ်းညွှန် အခြေခံသင်တန်း ဖွင့်လှစ်မည်

မော်လမြိုင် မတ်

ကရင်ပြည်နယ်အတွင်း ဒေသခံလူငယ် ဧည့်လမ်းညွှန်များ ပိုမိုမွေးထုတ်ပေးနိုင်ရန်အတွက် လာမည့် ဇွန်လအတွင်း ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ ဒေသခံကရင်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေစေရန် နှင့် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ကြောင်း သူက ဆိုသည်။

“လူငယ်တွေကို ဖြစ်မြောက်စေချင်တာပေါ့နော်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာသလို သူတို့အတွက်
အလုပ်အကိုင်အခွင့်အလမ်းလည်းရလာမယ်လေ၊ အဲဒါကြောင့် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုအသင်းက ဆောင်ရွက်ခဲ့တာပါ၊ အရင်ကလည်း သင်တန်းတွေ ပေးခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

Advertisements

ကရင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များ၊ ကရင်ရိုးရာဓလေ့များ၊ သဘာဝဂူ နှင့် တောင်များ၏ သမိုင်းကြောင်းများကို သိရှိစေရန် နှင့် ထိန်းသိမ်းတတ်စေရန်အတွက် လူငယ်ဧည့်လမ်းညွှန်များ လိုအပ်နေကြောင်း၊ လက်ရှိတွင် ကရင်ပြည်နယ်အတွင်းသို့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာသော်လည်း ဧည့်လမ်းညွှန် ၁ဝဦးခန့်သာ လုပ်ကိုင်လျက်ရှိကြောင်း ထပ်မံပြောသည်။

ပွင့်လင်းရာသီတွင် ခရီးသွားဝင်ရောက်မှု၊ လည်ပတ်မှု ပိုမိုများလာနိုင်သောကြောင့် ကရင်လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် အဆိုပါသင်တန်းသည် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ဖြည့်စွက်ပြောသည်။

သင်တန်းကို ကရင်ပြည်နယ်အတွင်း နေထိုင်သည့် အသက် ၁၈နှစ် ပြည့်ပြီးသား တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့် မည်သူမဆို တက်ရောက်လျှောက်ထားနိုင်ကြောင်း ကရင်ပြည်နယ် ဧည့်လမ်းညွှန်များအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင်တန်းကြေးသည် ငွေကျပ် ၇ဝ,ဝဝဝ ဖြစ်ပြီး လျှောက်လွှာကို ကရင်ပြည်နယ်ဧည့်လမ်းညွှန်များအသင်းတွင် ထုတ်ယူနိုင်ကာ လာမည့် ဧပြီလ ၈ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုက်ထိုက်

Advertisements

Leave a Reply