မွန်ပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်အောင် ကျင်းပမည်

6

မော်လမြိုင် မတ် ၁၅

၄၅ နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းရင်းသားရိုးရာအကများဖြင့် စည်ကားသိုက်မြိုက်အောင် ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက မတ် ၁၅ ရက်တွင် ပြောသည်။

မတ် ၁၉ ရက် နံနက် ၅ နာရီခွဲတွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ သာသနာဗိမာန်တော်ကြီး၌ အရုဏ်ဆွမ်းကပ်လှူပြီး နံနက် ၈ နာရီ တွင် သံလွင်ဥယျာဉ်၌ ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲများ ဖွင့်လှစ်ပွဲပြုလုပ်မာ်ဖြစ်သည်။ နံနက် ၉ နာရီတွင် ပြည်နယ်ခန်းမ၌ ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်သွားမည်ဖြစ်သည်။

မော်လမြိုင်မြို့သံလွင်ဥယျာဉ်၌ ဌာနဆိုင်ရာပြခန်းပေါင်း ၅၆ ခန်းဖြင့် ၃ ရက်တိုင်တိုင် ပြုလုပ်မည်ဖြစ်ပြီး အကောင်းဆုံးပြခန်းကိုလည်း ဆုချီးမြှင့်သွားမည်ဟု ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

“မနှစ်ကတော့ ညပိုင်းမှာ တိုင်းရင်းသားရိုးရာအကတွေ စီမံဆောင်ရွက်ခဲ့တာမရှိဘူး။ ဒီနှစ်တော့ ညပိုင်း တိုင်းရင်းသားရိုးရာအကတွေနဲ့ တီးဝိုင်းတွေနဲ့ ဖျော်ဖြေသွားမယ်” ဟု ၎င်းက ပြောဆိုသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း၌ အတည်ပြုခဲ့သည့် မတ် ၁၉ ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

မွန်ပြည်နယ်နေ့အတွက် ဖိတ်ကြားကြိုဆိုနေရာချထားရေးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ ဆွမ်းဆက်ကပ်ဧည့်ခံကျွေးမွေးရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကောမတီ၊ ကျန်းမားရေးကော်မတီ၊ သတင်းမှတ်တမ်းပြန်ကြားရေးကော်မတီ၊ ပြခန်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပရေးကော်မတီ၊ ပြည်နယ်ဂုဏ်ဆောင်ဆု ချီးမြှင့်ရေးကော်မတီ၊ ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးကော်မတီ၊ အားကစားကော်မတီ၊ ပြခန်းဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးကော်မတီတို့ဖြင့် ဖွဲ့စည်းစီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ၄၄ နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား၌ ပြည်နယ်အစိုးမှ ကျပ် ၂၆၈ သိန်းအကုန်ကျခံကျင်းပခဲ့ပြီး ယခုနှစ်တွင် ကျပ်သိန်း ၃၀၀ လျာထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်