Advertisements

တောင်သူတို့ကို အကျိုးမပြုနိုင်သေးသော မြေအသုံးချရေးဆိုင်ရာဥပဒေ

ရှမ်းပြည်နယ်တောင်ပိုင်း လယ်ယာလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

18/03/2019

မတ်လ ၁၁ ရက်နေ့သည် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) ထွက်ရှိခဲ့ပြီး ၆လ ပြည့်သည့်နေ့ဖြစ်သည်။ ၂၀၁၈ စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အဆိုပါဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

အဆိုပါဥပဒေတွင် ဒေသခံတို့ လက်ရှိအသုံးပြုနေသည့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို လုပ်ကိုင် အသုံးပြုခွင့် လျှောက်ထားရမည်ဟု ဖော်ပြထားသည်။ ဥပဒေအတည်ပြုပြီးသည့်နေ့မှ ၆ လ အတွင်း လျှောက်ထားခြင်း မပြုသည့် မြေများတွင် ဆက်လက် လုပ်ကိုင်နေသူများအား ၂နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေက ဆိုသည်။

ဥပဒေပြဋ္ဌာန်းပြီးနောက် အရပ်ဘက်အဖွဲ့အစည်းများ၊ လယ်ယာမြေအရေး စောင့်ကြည့် လေ့လာသူများ၊ ကျွမ်းကျင်သူများက ထောက်ပြဝေဖန်ကြရာ ဥပဒေကို ပြင်ဆင်ရန်သာမက ပယ်ဖျက်ရန်အထိပါ မှတ်ချက်ပြုခဲ့ကြသည်။

Advertisements

ထိုဥပဒေသည် လုပ်ကွက်ငယ် တောင်သူများ၊ မြေမဲ့ယာမဲ့တောင်သူများ စိုက်ပျိုးမွေးမြူနိုင်ရန်၊ မြေယာ အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဥပဒေ ပြင်ဆင်ရေးဆွဲရာတွင် ပါဝင်ခဲ့သည့် ပြည်သူ့လွှတ်တော် တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ အဖွဲ့ဝင် ဦးမြတ်လေးဦးက ပြောပြသည်။ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းကို မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲ့ရေး ဗဟိုကော်မတီတွင်သာ လျှောက်ထားနိုင်သည်ဟု ဥပဒေဟောင်းတွင် ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လျှောက်ထားနိုင်ရန် ပြင်ဆင်လိုက်သည်။

ထိုသို့ပြင်ဆင်လိုက်သဖြင့် လုပ်ကွက်ငယ်တောင်သူတို့၏ မြေယာလျှောက်ထားမှုများတွင် ပိုမို အဆင်ပြေစေပြီး လူတိုင်း လက်လှမ်းမီနိုင်စေမည်ဟု ဦးမြတ်လေးဦးက ဆိုသည်။

ရှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် တွေ့ရသည်မှာ ဦးပိုင်အမည်ပေါက်ထားခြင်းမရှိသည့် မိရိုးဖလာ၊ ဓားမဦးချ လုပ်ကိုင်နေသည့် မြေများဖြစ်သည်။ ဒေသခံတို့ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးခဲ့သည့် တည်ငြိမ်နေသည့် အဆိုပါမြေများသည် ယခုဥပဒေအရ မြေလွတ်မြေလပ်များအဖြစ် အလိုအလျောက် ပြောင်းလဲသွားတော့မည်ဟု ရှမ်းပြည်နယ် တရားဥပဒေ စိုးမိုးရေးကွန်ရက်၏ ဥက္ကဋ္ဌ ဦးဝင်းနိုင်စိုးက ထောက်ပြသည်။

ဥပဒေသည် တိုင်းရင်းသား ဒေသများနှင့် အဆင်ပြေနိုင်ခြင်းမရှိဘဲ လက်ရှိဒေသခံတို့ စိုက်ပျိုးနေသည့် မြေများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)သာ ထုတ်ပေးသင့်သည်ဟု ၎င်းက ဆိုသည်။ “တကယ်တော့ ဒီမြေတွေကို လယ်ယာမြေ ဥပဒေအတိုင်းသွားရမှာကို မြေလွတ်မြေလပ်မြေရိုင်း ဥပဒေနဲ့ သွားမယ် ဆိုရင် ကျွန်တော်တို့အရပ်ဘက် အဖွဲ့အစည်းတွေ ကတော့ လက်မခံဘူးဗျ” ဟု ၎င်းက ပြောသည်။

အဆိုပါဥပဒေနှင့်ပတ်သက်၍ ပြည်နယ် အစိုးရနှင့် ဆွေးနွေးခဲ့သည်ဟု ရှမ်းပြည်နယ်မှ အရပ်ဘက်အဖွဲ့တချို့က ဆိုသည်။ ထို့နောက် မြို့နယ်များအလိုက် တောင်သူတို့ကို ထိုဥပဒေနှင့် ပတ်သက်၍ ရှင်းလင်း အသိပညာပေးခဲ့ကြသည်။ “ကျွန်တော်တို့ရှမ်းပြည်မှာရှိတဲ့ ပြည်သူတွေက မြေလွတ်မြေလပ်မြေရိုင်း ဥပဒေအရ လျှောက်ထားပြီး လုပ်ပိုင်ခွင့်ရတာကို မလိုချင်ဘူး၊ ၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိဖို့ကိုပဲ လိုချင်ကြတယ်ဗျ” ဟု ဦးဝင်းနိုင်စိုးက ဆိုသည်။

မြေလွတ်မြေလပ်မြေရိုင်းဥပဒေအရ ဆက်လက်ဆောင်ရွက်ခြင်းကြောင့် တောင်သူတို့ ပိုမို အခက် တွေ့လာနိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေ၏ သဘော သဘာဝသည် လုပ်ပိုင်ခွင့်ပြုထားသည့်မြေအား ရောင်းချခြင်းပေါင်နှံခြင်း ပြုလုပ်ခွင့်မရှိသည့် အခြေအနေတွင် တည်ရှိနေပြီး လယ်ယာ မြေဥပဒေအရ မှတ်ပုံတင်ထားသည့်မြေများကသာ အဆိုပါ အခွင့်အရေး ရရှိနိုင်သည်ဟု ဦးဝင်းနိုင်စိုးက နှိုင်းယှဉ်ပြသည်။

“အရင်းအနှီး စိုက်ထုတ်နိုင်တဲ့ တောင်သူတွေကတော့ ပြဿနာမရှိဘူး၊ အရင်းအနှီး မရှိတဲ့ တောင်သူ ဆိုရင်တော့ ဥပဒေက ခွင့်ပြုမထားပေမယ့် အဆင်ပြေသလို ရောင်းတာတွေ၊ ပေါင်တာတွေ လုပ်လာနိုင်တယ်။ ဒါက မြေယာအငြင်းပွားမှု အရှုပ်အရှင်းတွေ ပေါ်လာနိုင်တဲ့လမ်းစပဲ” ဟု ဦးဝင်းနိုင်စိုးက ဆိုသည်။

ယခုဥပဒေအရ မြေလွတ်မြေလပ်မြေရိုင်းဟုဆိုရမည့် မြေဧရိယာဧက များစွာ ရှမ်းပြည်နယ်တွင် တွေ့နိုင်ပြီး တစ်ဆက်တည်း မရှိသည့် လုပ်ကွက်ငယ် စိုက်ပျိုးမြေများစွာလည်း ကျန်နေသေးသည်ဟု ၎င်းက ဆိုသည်။ ပြည်နယ်အတွင်း လုပ်ကိုင်အသုံးပြုနေသည့်မြေများမှ သုညဒသမ တစ်ရာခိုင်နှုန်းခန့်ကိုသာ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ထားပြီး ကျန်မြေများမှာ မိရိုးဖလာ ဓားမဦးချ စိုက်ပျိုး လုပ်ကိုင်နေသည့် မြေများပင်ဖြစ်သည်ဟု ဦးဝင်းနိုင်စိုးက ရှင်းပြသည်။

လယ်ယာမြေဥပဒေ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဦးအောင်ကျော်ကျော်ကလည်း ဤဥပဒေတွင် အားနည်းချက် သိသိသာသာ ရှိနေသည်ဟု ဆိုသည်။

“ဒီဥပဒေက တိုင်းရင်းသားတွေနဲ့ လက်ရှိအစိုးရကို ရန်တိုက်ပေးတာပဲ” ဟု သူက မှတ်ချက်ပြုသည်။

ဇန်နဝါရီ (၃)ရက်နေ့ နေပြည်တော် အစည်းအဝေးတစ်ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြင်ဆင်လိုက်သော ဥပဒေ အသုံးပြုပြီး တောင်သူများကို တရားစွဲဆိုမည်မဟုတ်ဟု ပြောကြားခဲ့သည်ဟု ဦးအောင်ကျော်ကျော်ထံမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် လျှောက်ထားခြင်း မရှိသည့် တောင်သူများကို တရားမစွဲဘဲ သတိပေး အကြောင်းကြားစာ ပေးပို့သွားမည်ဟု ဝန်ကြီးက ပြောကြောင်း ဦးအောင်ကျော်ကျော်က ပြန်၍ ပြောပြသည်။ လယ်ယာမြေအရေး ဆောင်ရွက်သူအများစုကမူ ဝန်ကြီး ယခုကဲ့သို့ ကတိပေးခြင်းထက် ဥပဒေ ထပ်မံ ပြင်ဆင်ပေးနိုင်ရေးကိုသာ လိုလားကြသည်ဟု သဘောထားပေးကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လယ်ယာလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ – ဇာနည်ဝင်း/Myanmar Now)

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းအတွင်းမှ တောင်သူများက မိရိုးဖလာ စိုက်ပျိုး လုပ်ကိုင်လာသည့် ဘိုးဘွားပိုင်မြေကို ဌာနဆိုင်ရာတစ်ခုတွင် လျှောက်ထားမှတ်ပုံတင်ရမည့် ကိစ္စသည် ၎င်းတို့အတွက် အလှမ်းကွာဝေးလွန်းသော ကိစ္စဖြစ်ပြီး လုပ်ဆောင်ရန် မလိုအပ်ဟုလည်း ထင်မြင်ကြသည်။ ဒေသခံအများစုသည် တစ်နိုင်တစ်ပိုင် လုပ်ကွက်ငယ် တောင်သူများဖြစ်သည်။ ၎င်းတို့လုပ်ကိုင် နေသည့် ဘိုးဘွားပိုင်ဖြစ်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဟု ဆိုသည့် မြေများသည် ဧက ဆယ်ဂဏန်းစီသာရှိသည့် ပမာဏသာ ဖြစ်ကြသည်။ ထိုသို့သော ပမာဏနည်းပါးသည့် မြေများ လုပ်ပိုင်ခွင့်အသုံးပြုခွင့်ရရှိရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရမည် ဖြစ်သည်။ မကွေးတိုင်း ထီးလင်းမြို့နယ်တွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံတို့ကို တွေ့ဆုံပြီး လျှောက်လွှာပုံစံများနှင့်တကွ ရှင်းလင်း အသိပညာပေးခဲ့သည်။ သို့ရာတွင် ထီးလင်း၊ မင်းလှ၊ ငဖဲ အပါအဝင် ဒေသတွင်း မြို့နယ်များရှိ တောင်သူအများစုသည် ၎င်းတို့ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သည့် မြေများအတွက် လုပ်ကိုင်ခွင့် လျှောက်ထားရခြင်းအား လုပ်ဆောင်ရန် မလိုအပ်သည့် ကိစ္စရပ်သာဖြစ်သည်ဟု ထင်မြင်ကြသည်။ ထိုမြို့နယ်များရှိ တောင်သူအများအပြားကို မကြာသေးခင်က တွေ့ဆုံမေးမြန်းရာ ၎င်းတို့ထဲမှ တချို့သည် အဆိုပါဥပဒေအကြောင်းကို မသိရှိကြပေ။

ဧကသုံးရာအတွင်း လုပ်ကိုင်မည့် တောင်သူတို့သည် လျှောက်လွှာများကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးများတွင် ရယူနိုင်သည်။ သို့သော်လည်း ကျေးလက်ဒေသများရှိ တောင်သူ အများစုကတော့ စိတ်ဝင်စားမှု နည်းပါးခဲ့သည်။

“ကျွန်တော်တို့ဆီမှာ မြို့က ဘဏ်ချေးငွေ ဆိုတာတောင် မထုတ်ကြတဲ့သူတွေရှိတယ်။ ရုံးပြင်ကနား မသွားချင်ဘူး၊ လုပ်လည်း မလုပ်တတ်ဘူး။ ဟိုးအရင်ကတည်းက ကိုယ့်ရွာမှာကိုယ် စိုက်ပျိုးပြီးနေလာတာ၊ အခုမှ ဒီမြေကို ကျွန်တော်တို့က အစိုးရဆီက လုပ်ခွင့်တောင်းရမယ်ဆိုတာ တော်တော် ခွကျတဲ့ကိစ္စလို့ မြင်တယ်” ဟု မကွေးတိုင်း အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာမှ တောင်သူ ဦးတင်မောင်ဝင်းက ဆိုသည်။

၎င်းတို့လုပ်ကိုင်နေသည့် ဘိုးဘွားပိုင် ရွှေ့ပြောင်းယာမြေကို ဥပဒေနှင့်အညီ လျှောက်ထားပြီးမှ ခွင့်ပြုချက်နှင့် အညီ လုပ်ကိုင်ရမည်ဆိုခြင်းမှာ ၎င်းတို့၏ လူမှုဘဝပုံစံ အလေ့အထများကို ကမောက်ကမ ဖြစ်စေသည်ဟု မီးလောင်ကုန်း ကျေးရွာဒေသခံများက ဆိုသည်။

“အဘိုးပေးခဲ့တဲ့မြေ အဖေက လုပ်ခဲ့တယ်၊ နောက် … ကျွန်တော်က ဆက်လုပ်တယ်၊ အဲဒါကို အခုလို အစိုးရဆီမှာ လျှောက်ထားရမယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး” ဟု ဦးတင်မောင်ဝင်းက ဆက်ပြောသည်။

ကျေးလက်နေတောင်သူများအနေဖြင့် စာရွက်စာတမ်းဖြင့် စနစ်တကျ လျှောက်ထားရမည့် လုပ်ငန်းစဉ်အား လိုက်ပါဆောင်ရွက်လိုမှု မရှိခြင်းကို ထီးလင်းမြို့နယ်ရှိ ကျေးရွာများသို့ ကွင်းဆင်းစဉ် လက်တွေ့သိရှိခဲ့ရသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦးက ဆိုသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာအရ အဲလိုကြီး တွေဖြစ်နေတာဗျ၊ ဥပဒေနဲ့အညီဖြစ်ဖို့ ဆိုတာက တော်တော်ကြီးကို အသိပညာပေးမှုတွေလုပ်ရမယ့် သဘောဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

မြေလွတ်မြေလပ်မြေရိုင်းအသုံးပြုခွင့် လျှောက်ထားရာတွင် မြေကို မည်သို့ အသုံးပြုသွားမည် ဆိုသည့် အချက်ကို ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ တောင်သူများသည် ထိုမြေတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ငွေကြေး ဆိုင်ရာ အခက်အခဲများလည်း ရှိနေသည်။

ရာသီသီးနှံ၊ စက်မှုကုန်ကြမ်း ရာသီသီးနှံ၊ နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှု၊ မွေးမြူရေး၊ ဓာတ်သတ္ထု ထုတ်လုပ်ခြင်း၊ အစိုးရခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့်အခြားလုပ်ငန်းများ ဟူသည့် ခေါင်းစဉ်များ အတွက် ရင်းနှီးမြုတ်နှံရမည်ဟု ဥပဒေက ဆိုသည်။ လက်ရှိတွင် တောင်သူများအနေဖြင့် အဆိုပါ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် လုံလောက်သည့် ငွေကြေး ပိုင်ဆိုင်ထားခြင်းမရှိဟု ငဖဲမြို့နယ် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးသန်းစိုးက ဆိုသည်။

“ကျွန်တော်တို့နယ်တွေဘက်မှာ တောင်သူတွေက မရှုံးဘူးဆိုတဲ့ စပါးတောင် ကောင်းကောင်း မစိုက်ကြတော့ဘူး၊ အဓိကက ဈေးကောင်းမရတာပဲ၊ ဘာစိုက်စိုက် ရှုံးကြတယ်၊ ဒီတော့ တောင်သူ တော်တော် များများက နိုင်ငံခြား ထွက်ကုန်ကြတယ်၊ လက်ရှိစိုက်နေတဲ့မြေတွေမှာတောင် မစိုက်ကြတော့ဘူး၊ မြေလွတ်မြေရိုင်းတွေ ဓားမဦးချ ပိုင်ထား ပေမယ့် သူတို့လုပ်ငန်းကို ချဲ့ပြီး မလုပ်တော့ဘူး” ဟု ဦးသန်းစိုးက ဆိုသည်။

တောင်သူများအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့်မြေကို စွန့်ခွာ၍ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်မှု ပိုမို မြင့်မားလာသည်။ ထိုသို့ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေရာမှ ရွှေ့ပြောင်းလုပ်သားများအဖြစ် ပြောင်းလဲနေသည့် အချိန်တွင် ယခုဥပဒေ ပေါ်ထွက်လာခြင်းက ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေများ၊ ဓားမဦးချ လုပ်ကိုင်ကြသည့် မြေများနှင့် ဘိုးဘွားပိုင်မြေရိုင်းများကိုပါ လက်လွှတ်ဆုံးရံ့ှုးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဦးသန်းစိုးက ဆိုသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်းမှ လက်ဘက်တောင်သူနှစ်ဦး (ဓာတ်ပုံ – ဇာနည်ဝင်း/Myanmar Now)

အခြားတစ်ဘက်တွင်တော့ ဤဥပဒေထွက်ရှိလာခြင်းကြောင့် လုပ်ငန်းရှင်တချို့က ဥပဒေနှင့်ညီညွတ်သော မြေနေရာများ လိုက်လံရှာဖွေ၍ ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေကြသည်။

ရင်းနှီးမြှုပ်နှံသူတို့ အနေဖြင့် သက်ဆိုင်ရာမြို့နယ်များအလိုက် မြေလွတ်မြေလပ်မြေရိုင်းဟု ယူဆရသည့် မြေနေရာများအား သွားရောက်စုံစမ်းသော်လည်း ဒေသခံ မူလပိုင်ရှင်ရှိနေသည့်မြေများသာ အများဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု မကွေးမြို့ခံ ဦးဌေးလွင်သောင်းက ဆိုသည်။

“အစိုးရက မြေတွေ လွတ်တယ်လပ်တယ်လို့ ပြောတယ်၊ သိမ်းဆည်းခဲ့တဲ့ နေရာတွေ ပြန်ပေးမယ်လို့ ပြောသော်လည်း ဒီနေရာတွေဟာ ဟိုးတုန်းကတည်းက ဓားမဦးချတွေ၊ ဘိုးဘွား အစဉ်အဆက် လုပ်ကိုင်ခဲ့တဲ့နေရာတွေပဲဖြစ်နေတယ်” ဟု ဆိုသည်။ လုပ်ကွက်ငယ် လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ မြေများတွင် လုပ်ကိုင်ခွင့် လျှောက်ထား၍ ရရှိခဲ့လျှင်လည်း ဒေသခံတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိနေသည်ဟု ဦးဌေးလွင်သောင်းက သုံးသပ်သည်။

တောင်သူအများအပြားမှာ လုပ်ထုံးလုပ်နည်း နားလည်နိုင်မှု အားနည်းကြပြီး ဘဏ်စာအုပ်ပင် မရှိကြဟု ဦးမြတ်လေးဦးက ဆိုသည်။ ထို့အပြင် ဥပဒေပါအချက်တချို့သည် မြေယာအသုံးချရေး မူဝါဒနှင့် ကိုက်ညီခြင်း မရှိဟု ၎င်းက ထောက်ပြသည်။ “Land use policy မှာ ဆိုရင် တိုင်းရင်းသားရိုးရာ ထုံးတမ်းအစဉ်အလာအရ ဖော်ထားတဲ့မြေတွေကိုလည်း အသိအမှတ်ပြုရမယ်လို့ ပါတယ်၊ အခု ဥပဒေက တိုင်းရင်းသားမြေတွေ၊ ဟိုးရှေးကတည်းက လုပ်ကိုင်လာတဲ့မြေတွေကိုလည်း လျှောက်ရမယ်ဆိုတာပါနေတယ်” ဟု ဥပဒေနှင့်မူဝါဒအကြား ဆန့်ကျင်နေသည့် အချက်များကိုမူတည်၍ ထောက်ပြသည်။ လွှတ်တော်တွင် ဥပဒေ ပြင်ဆင်ရန် ဆွေးနွေးစဉ်ကလည်း အဆိုပါအချက်ကို ထောက်ပြခဲ့သည်ဟု ဦးမြတ်လေးဦးက ပြောသည်။

ဥပဒေကို ပြင်ဆင်ခြင်းသည် လုပ်ကွက်ငယ်တောင်သူတို့ မြေယာအသုံးပြုခွင့်ရရှိစေရေးနှင့် ယခင်အစိုးရများ လက်ထက် ခရိုနီတို့ ရယူထားသော ဧက သိန်းနှင့်ချီသည့် လုပ်ကွက်မြေများမှ အသုံးပြုခြင်း မရှိတော့သည့် မြေများကို ဥပဒေအရ ပြန်လည် သိမ်းယူနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တောင်သူများထံသို့ ထိရောက်သော အသိပညာပေးမှု အားနည်းနေခြင်း၊ တောင်သူတို့ ကိုယ်တိုင် ဥပဒေ နားလည်လက်ခံနိုင်မှု အားနည်းခြင်း၊ မြေယာလုပ်ပိုင်ခွင့်ရရှိမည်ဖြစ်သော်လည်း ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံနိုင်သည့် ငွေကြေး လုံလောက်မှုမရှိခြင်း တို့ကို ကြုံတွေ့နေရသည်။

“ဥပဒေတစ်ခုဆိုတာကတော့ ပြီးပြည့်စုံနိုင်အောင် အထိတော့ မကောင်းပါဘူး၊ ကျွန်တော်လည်း သိပ်မကြိုက်ဘူး၊ ကျွန်တော့် သဘောနဲ့ မကိုက်တာတွေက အရင်တုန်းက လုပ်တာတွေကို ခြောက်လအတွင်း လျှောက်ရမယ် ဆိုတာ၊ တိုင်းရင်းသား ဒေသတွေမှာ ဟိုးရှေးတုန်းကတည်းက လုပ်လာတဲ့မြေယာတွေကအစ ပြန်လျှောက်ရမယ် ဆိုတာက ကျွန်တော်တို့ စိတ်တွေနဲ့ မကိုက်ကြဘူးဗျ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦးက ဆိုသည်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈) ထွက်ရှိခဲ့ပြီး ၆လ ပြည့်သည့် မတ်လ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ကူကီး လူမျိုးက ကန့်ကွက် ဆန္ဒပြကြသည်။

အနီရောင်ဗီနိုင်းပိုစတာများတွင် “ကူကီးလူမျိုးများ၏ ဓလေ့ထုံးတမ်း မြေယာ ပိုင်ဆိုင်မှု အစဉ်အလာများကို ပပျောက်အောင် လုပ်ဆောင်နေမှုများ ချက်ခြင်းရပ်” ၊ “မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအလိုမရှိ”ဟူသည့် ဆိုင်းဘုတ်များကို ကိုင်မြှောက်၍ တမူးမြို့ လမ်းမများပေါ်တွင် စီတန်း လှည့်လည်ခဲ့ကြသည်။

နိုင်ငံအနံှ့အပြားတွင် ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင်လာကြသည့် တောင်သူတို့၏ မြေပိုင်ဆိုင်မှု အနေအထားကို ပြောင်းလဲစေနိုင်သည့် ယင်းဥပဒေ အတည်ပြုခဲ့သည်မှာ ၆လပြည့်ခဲ့ပြီ ဖြစ်သည်။ ။

By နေအောင်/ Myanmar Now

(ဆောင်းပါးရှင် နေအောင်သည် မကွေးတိုင်းဒေသကြီးအခြေစိုက် သတင်းသမားတစ်ဦး ဖြစ်သည်)

Advertisements

Leave a Reply