တရုတ် အဝယ်နည်း၍ မော်လမြိုင်တွင် ကွမ်းစျေးငြိမ်

Photo Credit : Internet

မော်လမြိုင် မတ်

နှစ်စဉ်နှစ်တိုင်း မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလနီးပါက မြင့်တက်နေကျဖြစ်သည့် ကွမ်းရွက်စျေးမှာ ယခုနှစ်တွင်မူ ပုံမှန်မပျက် ငြိမ်နေကြောင်း မော်လမြိုင်မြို့ အပေါ်စျေးရှိ ကွမ်းရွက်လက္ကား ရောင်းဝယ်သူအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“ခါတိုင်းနှစ်တွေ တရုတ်ပြည်ဘက်က ကွမ်းဆွဲတယ်(အဝယ်လိုက်တယ်)ဆိုတော့ စျေးကောင်းတယ်။ ဒီနှစ်ကျတော့ အဆွဲမရှိဘူးဆိုတော့ ကွမ်းစျေးကပုံမှန်ပဲရှိနေတာပေါ့”ဟု ကွမ်းရွက် လက္ကား ရောင်းဝယ်သူ ကိုနိုင်လင်းထက်က ပြောသည်။

ကွမ်းရွက်ဈေးမှာ ယခင်နှစ်များတွင် စျေးကောင်းနေပြီး ယခုနှစ်တွင်မူ အနယ်နယ်အရပ်ရပ်မှ
ကွမ်းအထွက်နှုန်း ကောင်းနေကာ နယ်ဘက် ဝယ်လက်များမှလည်း အမှာနည်းနေကြောင်း မော်လမြိုင်ဈေးကွက်မှ သိရသည်။ လက်ရှိ ကွမ်းစျေးမှာ ယာကွမ်း တစ်ပိဿာလျှင် ကျပ် ၃၃၀၀ ၊ ရောကွမ်း တစ်ပိဿာ ကျပ်၂၅၀၀၊ စားကွမ်း တစ်ပိဿာ ၁၇၀၀ ရှိနေသည်။

Advertisements

ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရုတ် ဝယ်လက် အဆွဲများသည့်အတွက် ကွမ်းစျေးမှာ ယာကွမ်း တစ်ပိဿာ ကျပ် ၄၀၀၀ ၊ ရောကွမ်း တစ်ပိသာ ကျပ် ၃၀၀၀ ကျော် ၊ စားကွမ်း တစ်ပိဿာ ကျပ် ၃၀၀၀ နီးပါးထိ မြင့်တက်ခဲ့သေးကြောင်း သိရသည်။ တရုတ်ပြည်ဘက်မှ ဆင်းဝယ်သည့် ကျိုက်ထို၊ တောင်ကြီး၊ မုံရွာ နယ်ဘက်များတွင် ကွမ်းရွက် မှာယူလိုက ဈေးပြိုင်သဘော၊ အသာစီးပေး ဝယ်ယူမှ ပစ္စည်းရရှိမည့်အနေအထားမျိုး ရှိခဲ့ဖူးကြောင်း ကွမ်းရွက်ကုန်သည်တစ်ဦးက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် နှစ်တွင် ရာသီဥတုဒဏ်ကို ခံလိုက်ရသည့် အတွက် ကွမ်းရွက်စျေးများ တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး ယာကွမ်း တစ်ပိဿာလျှင် ကျပ် ၁၃၀၀၀ ၊ ရောကွမ်း တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ကျော် ၊ စားကွမ်း တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ထိ အများဆုံး မြင့်တက်ခဲ့သည်။

“ကွမ်းစျေးက အခုလောလောဆယ်တော့ တက်လိုက်ကျလိုက်ပဲ ၊ အများကြီးလည်း မဟုတ်ဘူး ။ (ကျပ်) တစ်ရာနှစ်ရာလောက်ပဲ၊ ပြောလို့တော့ မရဘူး ။ နယ်တွေက ပြန်ဝယ်ကြရင်တော့ ပြန်တက်လာမယ်ထင်တယ်” ဟု လမ်းဘေးကွမ်းယာရောင်းသူ တစ်ဦးကေ ပြာသည်။

မွန်ပြည်နယ်တွင် ကွမ်းရွက်များကို ရေးနှင့် ကျိုက်ထိုမြို့နယ်တို့ အဓိကထား စိုက်ပျိုးလျက်ရှိသည်။

လျှမ်းထက်

Advertisements

Leave a Reply