Advertisements

ပလက်ဝမြို့နယ်မှ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

Photo Credit – Khumi Media Group

၂၀ မတ် ၂၀၁၉

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အထက်ပိုင်း၊ တရွိုင်အိုင်ကျေးရွာနေ အမျိုးသားတစ်ဦး မတ်လ ၁၉ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်သို့ရောက်ရှိစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သိရသည်။

သေဆုံးသူအမျိုးသားသည် အသက် ၅၀ အရွယ် ဦးအောင်ကျော်ညွှန့်ဖြစ်ပြီး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA က သေနတ်ဖြင့် ပစ်သတ်ခြင်းဖြစ်သည်ဟု ပလက်ဝသတင်းကို အထူးရေးသားနေသည့် ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာကပြောသည်။

“အသတ်ခံရတဲ့ ဦးအောင်ကျော်ညွှန့်က ရခိုင်ပေါ့နော် ၊ သူ့အမျိုးသမီးကတော့ ခူမီး ကျွန်တော်တို့ချင်း သူ့ရဲ့သမီးက စစ်ဗိုလ်နှင့် ညားတာထင်တယ် ။ သူက AA လက်နက်ကိုင်တွေကိုသူတို့အားမပေးဘူးလေ မထောက်ခံဘူးလေ ၊ မထောက်ခံတော့ AA က သူ့ကို အငြိုးထားတာကြာပြီ ၊ အငြိုးထားတာကြာတော့ သူကလည်းပဲ ရခိုင်ပြည်နယ်ကျောက်တော်မှာ ရှိနေတဲ့ချိန်မှာ မနေ့က ညနေပိုင်းမှာ ကျောက်တော်မှာ ပဲအသတ်ခံရတာ ၊ သေနတ်နှင့် ပစ်ခံရတာပေါ့နော်” ဟု ကိုပီတာကပြောသည်။

Advertisements

ဦးအောင်ကျော်ညွန့်သည် မိသားစုနှင့်အတူ ထရွိုင်အိုင်ကျေးရွာတွင်နေထိုင်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ေန သူတစ်ဦးဖြစ်ပြီး AA တပ်ဖွဲ့က မည်သည့်အကြောင်း ကိစ္စကြောင့် ပစ်သတ်သည်ကိုမူ အတိကျမသိရသေးပေ။

AA တပ်ဖွဲ့သည် ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှ အုပ်ချူပ်ရေးမှူး ဦးချားဟော်နှင့် ရဲစခန်းမှူး ဆလိုင်းဘီးဗာတို့ကို မြန်မာ့တပ်မတော်ထံသို့ သတင်းပေးပို့သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ပတ်အကြာတွင်ပြန်လွှတ်ပေးခဲ့သည်။

ထို့အပြင် မတ်လ ၁၅ ရက်နေ့ကလည်း ပလက်ဝမြို့ ကုလားတန်မြစ်ကူးတံတားတည်ဆောက်ေရးအတွက် အသုံးပြုရန် သံပေါင်ကုန်ပစ္စည်းများကို ကုလားတန်းမြစ်ကြောင်းအတိုင်း တင်ဆောင်လာသည့် သင်္ဘောတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။

AA တပ်ဖွဲ့၏ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲမှုကို တိုင်းရင်းသားအချင်းချင်း နားလည်သော်လည်း ယခုကဲ့သို့ အရပ်သားအပေါ်ပစ်မှတ်ထားဦးတည်လာမှုသည် လုံးဝမဖြစ်သင့်ကြောင်း ခူမီးမီဒီယာအယ်ဒီတာကပြောသည်။

“တိုင်းရင်းသားအချင်းချင်းဆိုေတာ့ ကျွန်တော်တို့အနေနဲ့က နားလည်ပေးတယ် ၊ ဒီလိုတော်လှန်ရေးလုပ်တာကို။ ဒါပေမဲ့လည်း အရပ်သားတွေကိုအပြစ်မဲ့တဲ့ ဒေသခံတွေကို အခုလိုမျိုး သူတို့စိတ်ထဲမှာရှိတိုင်း ပစ်ခတ်သတ်ဖြတ်နေတယ်ဆိုတာတော့ လုံးဝမဖြစ်သင့်ဘူး ။ ဒါသေနတ်ကိုအားကိုးပြီးတော့ ပြည်သူလူထုကို နှိပ်စက်နေတဲ့အတွက်ကြောင့်မို့ သူတို့ရဲ့ရည်ရွယ်ချက် အိမ်မက်ဟာ ဘာလဲဆိုတာကို ကျွန်တော်တို့ဒေသခံတွေအနေနဲ့ တကယ်ကို စိုးရိမ်မိတယ်’’ ဟု ခူမီးမီဒီယာ အယ်ဒီတာကပြောသည်။

Photo Credit – Khumi Media Group

By လားနွန် ၊ ခိုနူမ်းသုန်သတင်း

Advertisements

Leave a Reply