စိန်ခေါ်မှုများနှင့် ပုံနှိပ်မီဒီယာ

သုံးနှစ်ရှိခဲ့ပါပြီ။ ၁၉၆၂ ခုနှစ်နောက်ပိုင်းကစတင်ကင်းကွာခဲ့ရသည့် ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်များ ပြန်လည်ရရှိခဲ့ခြင်းမှာ ဧပြီ ၁ ရက်က သုံးနှစ်တင်းတင်းပြည့်သည့်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့သော သုံးနှစ်တာကာလအတွင်း ဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့ဘဲ ရပ်နားသွားခဲ့ရသည့်သတင်းစာများလည်း ရှိနေသည်။000 copy

ပြီးခဲ့သည့်ရက်ပိုင်းကပင် မန္တလေးအခြေစိုက်ထုတ်ဝေနေသည့် မန္တလေးအလင်းနေ့စဉ်သတင်းစာ ရပ်နားတော့ မည်ဆိုသည့် သတင်းကို ကြားသိလိုက်ရသည်။ ပြည်သူတို့အတွက် နား၊ မျက်စိ တစ်စုံ ဆုံးရှုံးသွားခြင်း လည်းဖြစ်သည်။ ဝမ်းနည်းဖွယ်ရာပင်။ မန္တလေးအလင်းနေ့စဉ်သတင်းစာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်းက စတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

မြန်မာမြေပေါ်တွင် သတင်းစာစတင်မွေးဖွားခဲ့သည်မှာ ၁၈၃၆ ခုနှစ်ကဖြစ်ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၁၈၀ တိုင်ခဲ့ပါပြီ။ The Morning Star သတင်းစာနှင့် မော်လမြိုင်ခရော်နီကယ်သတင်းစာတို့မှာ သမိုင်းအချက် အလက်များအရ မည်သည့်သတင်းစာက အရင်ထွက်ပေါ်ခဲ့ပြီး မည်သည့်သတင်းစာက မြန်မာနိုင်ငံမှာ ပထမဆုံးထုတ်ဝေခဲ့သည်ဆိုသည်မှာ အငြင်းပွားဖွယ်ဖြစ်နေသော်လည်း မြန်မာ့မြေပေါ်တွင် သတင်းစာစတင် မွေးဖွားခဲ့သည့် သက္ကရာဇ်မှာ ၁၈၃၆ ခုနှစ်ဖြစ်သည်။

ထို့နောက် မြန်မာ့မြေပေါ်တွင် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများအသီးသီး ထွက်ပေါ်လာခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၂ ခုနှစ်တွင် ပြည်သူပိုင်သိမ်းခြင်း၊ ပိတ်သိမ်း ခြင်းတို့ဖြင့် ပုဂ္ဂလိကသတင်းစာများအခန်းကဏ္ဍ တစ်ခန်းရပ်ခဲ့ရသည်။

ထိုသို့ တစ်ခန်းရပ်သွားခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အကြာ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပုဂ္ဂလိကသတင်းစာများ ပြန်လည်ထုတ်ဝေခွင့်ရခဲ့သည်။ ထိုသို့ ပြန်လည်ရရှိလာခဲ့သည့်အခွင့်အရေးတစ်ရပ်ကို လက်လွှတ်မခံဘဲ ထုတ်ဝေသူနှင့် သတင်းသမားတို့က စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ရင်း နေ့စဉ်ထုတ် သတင်းစာများကို စတင်ထုတ်ဝေခဲ့ကြသည်။

ထုတ်ဝေခွင့်စတင်ခွင့်ပြုခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပြည်ထောင်စုနေ့စဉ်၊ စံတော်ချိန်၊ The Voice Dailyနှင့် ရွှေနိုင်ငံသစ်တို့ ဈေးကွက်အတွင်း စတင်ရောက်ရှိခဲ့ကြသည်။ ထို့နောက် နေ့စဉ်ထုတ်သတင်းစာများ အသီးသီးထပ်မံထုတ်ဝေလာခဲ့သည်။
စာဖတ်ပရိသတ်အတွက် ပြည်သူကြားက သတင်းများကို အလျှင်အမြန်ဖော်ပြလာနိုင်ခဲ့သည်။ စာဖတ်ပရိသတ် အတွက် လတ်ဆတ်သည့်သတင်းများ တင်ပြပေးလာနိုင်ခြင်းအတွက် သတင်းသမားတို့ ကျေနပ်ပီတိ ဖြစ်ကြရ သည်။

ဒီကနေ့ကာလ သုံးနှစ်သားသက်တမ်းကို ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း ပုဂ္ဂလိကသတင်းစာတို့မှာ စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ လွတ်လပ်စွာသတင်းရယူခွင့်အခက်အခဲ၊ ဖြန့်ချိရေးအခက်အခဲ၊ စက္ကူ ရှားပါးမှု၊ ကြော်ငြာမရရှိမှုစသည်တို့မှာ ပုဂ္ဂလိက သတင်းစာများ ယနေ့အချိန်ထိရင်ဆိုင်ကျော်ဖြတ်နေရသည့် ကြီးမားသည့်စိန်ခေါ်မှုများဖြစ်သည်။ ထိုစိန်ခေါ်မှု များဒဏ်ကို ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့သည့် အတွက် ရပ်နားသွားခဲ့ရသည့် သတင်းစာများစွာလည်း ရှိနေခဲ့သည်။

ထိုသို့ သုံးနှစ်တာကာလအတွင်း စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်ဖြတ်ကျော်နေရဆဲကာလမှာပဲ ပုဂ္ဂလိကသတင်းစာ တို့အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုနှင့် ထပ်မံရင်ဆိုင်လာနေရပြီ။ ယင်းမှာ သတင်းစီးဆင်းမှုမြန်နှုန်းဖြစ် သည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်က ဂျာနယ်တစ်စောင်မှာ အယ်ဒီတာအဖြစ်လုပ်ကိုင်နေသူသတင်းစာဆရာတစ်ဦး ပြောဆိုခဲ့သည့်စကားများကို ပြန်လည်အမှတ်ရမိသည်။
“နေ့စဉ်ထုတ်သတင်းစာတွေ ထုတ်ခွင့်ရလာရင်သိပ်ကောင်းမှာပဲ။ အခုတော့ ဂျာနယ်ဆိုတော့ သတင်းတွေက မလတ်ဆတ်ဘူးဖြစ်ဖြစ်သွားတယ်။ ဂျာနယ်ထွက်ရက်မှာ Update မဖြစ်တော့တဲ့သတင်းတွေအတော်များများ ကိုလည်း ဖယ်ထားခဲ့ရတာမျိုးတွေက အပတ်စဉ်တိုင်းလိုလိုဖြစ်နေတယ်။ သတင်းတင်ဆက်မှုအပိုင်းမှာ အားမလိုအားမရဖြစ်မိတယ်”
ထိုအချိန်က သတင်းမီဒီယာတို့မှာ အပတ်စဉ်ထုတ်ဂျာနယ်များအဖြစ်သာထုတ်ဝေခွင့်ရရှိကြရသလို မထုတ်ဝေမီ စာပေစိစစ်ရေးကိုပါတင်ပြရသည့် တင်ထုတ်စနစ်ခံနေသည့်အတွက် စာဖတ်သူတို့ထံသို့ ရောက်ရှိချိန်တွင် အစောဆုံးတင်ပြနိုင်သည့်သတင်းမှာ အနည်းဆုံးနှစ်ရက်ခန့်နောက်ကျနေတတ်သည်။

ဆယ်စုနှစ်တစ်ခုခန့်အကြာမှာတော့ ထိုသတင်းစာဆရာ၏ဆန္ဒများ ပြည့်ဝခဲ့ရသည်။ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်ကစတင်ပြီး ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ကို အစိုးရက စတင်ခွင့်ပြုပေးခဲ့သည်။ သို့သော် ခေတ်စနစ်နဲ့အညီပြောင်းလဲတိုးတက်လာသည့် သတင်းအချက်အလက်နည်းပညာနှင့် အင်တာနက် သုံးစွဲမှု တစ်နေ့ထက်တစ်နေ့ဖွံ့ဖြိုး ကျယ်ပြန့်လာခြင်းတို့က အထက်မှာဆိုခဲ့သလိုပါပဲ နေ့စဉ်ထုတ်သတင်းစာ များ၏ သတင်းလတ်ဆတ်မှုအပိုင်းကို စိန်ခေါ်လာခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထုအကြား အင်တာနက်သုံးစွဲမှု တွင်ကျယ်လာခြင်း၊ လူမှုကွန်ရက်ဖြစ်သည့်ဖေ့စ်ဘွတ်ခ်ကို အသုံးပြု သူများပြားလာခြင်းတို့က နေ့စဉ်ထုတ်သတင်းစာများကို စိန်ခေါ်လာနေခဲ့ပြီဖြစ်သည်။ ထို့အပြင် ခေတ်ကို မျက်ခြေပြတ်မခံဘဲ အမီလိုက်လာကြသည့် မီဒီယာတို့၏ ဒစ်ဂျစ်တယ်နည်းပညာဆီ ခုန်ကူးမှုများကလည်း ပုံနှိပ်သတင်းမီဒီယာများ၏ သတင်းလတ်ဆတ်မှုကို စိန်ခေါ်လာခဲ့ပြီဖြစ်သည်။

လက်ရှိကာလသည် အစိုးရသစ်အပြောင်းအလဲကာလဖြစ်ပြီး မကြာတော့မယ့်ကာလတစ်ခုမှာ ရုပ်မြင်သံကြား မီဒီယာများအခန်းကဏ္ဍဟာလည်း ဖွံ့ဖြိုးလာတော့မယ့် အနေအထားတစ်ရပ်ကို ဦးတည်လာနေပါပြီ။ ထိုအချက်သည်လည်း ပုံနှိပ်သတင်းမီဒီယာများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။

“ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေက သတင်းများ၊ သိမှတ်စရာများပေးပါရဲ့။ ဒါပေမဲ့ လူတွေက သတင်းစာကို လက်မလွှတ်ကြဘူး။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားက အချိန်နဲ့သာ နားထောင်ရတယ်။ အချိန်နဲ့သာကြည့်ရတယ်။ သူတို့လာတဲ့အချိန်မှာ ကိုယ်ကအားရမယ်။ မရှင်းတာမပြတ်တာလည်း ထပ်နားထောင်ချင်လို့၊ ကြည့်ချင်လို့ မရဘူး။ သတင်းစာကတော့ ကိုယ်အားတဲ့အချိန်မှာ အချိန်ရရင်ရသလို ဖတ်လို့ရတယ်။ စိတ်ဝင်စားစရာ ဆောင်းပါး ဆိုရင် အထပ်ထပ်ဖတ်နိုင်တယ်။ ကြိုက်လွန်းလို့ ဖြတ်ယူထားရင်လည်း ဖြစ်တယ်။ ရေဒီယိုမှာ ကာတွန်းမပါဘူး။ ရုပ်မြင်သံကြားကာတွန်းက သတင်းစာကာတွန်းလောက် မထိရောက်ဘူး”ဆိုပြီး သတင်းစာဆရာကြီးဟံသာဝတီ ဦးဝင်းတင် စီစဉ်တည်းဖြတ်ပြီး ၁၉၇၄ ခုနှစ်မှာထုတ်ဝေသည့် ‘ပြည်သူတို့၏ စကားပြန်’စာအုပ်မှာ သတင်းစာများ၏ အားသာချက်နှင့်ပတ်သက်ပြီး သတင်းစာဆရာကြီးလူထုဦးလှက ထိုသို့ ဖွင့်ဆိုထားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်၊ ငါးဆယ်ဝန်းကျင်ကပင် ပုံနှိပ်သတင်းမီဒီယာများဟာ စိန်ခေါ်မှုများစွာ နှင့် ရင်ဆိုင်ဖြတ်သန်းနေကြရကြောင်းကို ပြဆိုနေခြင်းဖြစ်သည်။ ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာ နေသည့် ဒီကနေ့ခေတ်ကာလမှာတော့ ပုံနှိပ်သတင်းမီဒီယာများအတွက် စိန်ခေါ်မှုများက လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ဝန်းကျင်ကထက်ပိုမိုသာလွန်နေမည်မှာ အသေအချာပင်ဖြစ်သည်။

ဒီကနေ့ကာလအထိ စိန်ခေါ်မှုများ၊ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားလာခဲ့ပြီဖြစ်သည့် နေ့စဉ်ထုတ် သတင်း စာများ၊ အပတ်စဉ်ထုတ်သတင်းစာ၊ ဂျာနယ်များစသည့် ပုံနှိပ်သတင်းမီဒီယာများအနေနှင့် ရှေ့ဆက်ကြုံတွေ့ လာရမည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို အောင်မြင်စွာကျော်လွှားရင်း ပြည်သူတို့၏ နား၊ မျက်စိများကို ဖွင့်ပေးနိုင်သည့်၊ ပြည်သူ့အကျိုးကို သယ်ပိုးနိုင်သည့် သတင်းမီဒီယာများအဖြစ် ရေရှည်ရပ်တည်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုလိုက်ရပါသည်။

ကိုးကား
တက္ကသိုလ်မြတ်သူ – ဘက်စုံသတင်းစာပညာ။
စာနယ်ဇင်းသမိုင်း စာတမ်းများ။
ပြည်သူတို့၏ စကားပြန်။

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်