Advertisements

ဗညားဒလ တန်ဖိုးသင့်အိမ်ရာ ယခုလအတွင်း လျှောက်လွှာ ရောင်းချပေးမည်

မော်လမြိုင် မတ်

မွန်ပြည်နယ် မော်လမြိုင်မြို့ ကြာအင်းကျေးရွာတွင် အသစ်တည်ဆောက်ထားသော ဗညားဒလ တန်ဖိုးသင့်အိမ်ရာရှိ တိုက်ခန်းများကို ဝယ်ယူနိုင်ရန်အတွက် ယခုလအတွင်း လျှောက်လွှာများကို ရောင်းချပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

အိမ်ရာတိုက်ခန်းများကို ဈေးနှုန်း သတ်မှတ်ထားပြီဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်လည်း ကျပြီဖြစ်ကြောင်း ဆက်လက်ပြောသည်။

“မရောင်းသေးတာက ဘာကြောင့်မှတော့ မဟုတ်ဘူး၊ မီတာဘောက်တွေ မတပ်ရသေးလို့၊ မီတာဘောက်တွေ တပ်ပြီးတာနဲ့ ရောင်းချပေးမှာပါ၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်လည်း ကျပြီလေ၊ အသံတွေကတော့ ထွက်နေတာပဲ၊ အမျိုမျိုးပါပဲ”ဟု ၎င်းက ပြောသည်။

Advertisements

အဆိုပါ တိုက်ခန်းများကို ရောင်းချရာတွင် ဦးစားပေးအချက် ခုနစ်ချက်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ၊ မွန်ပြည်နယ်တွင် နေထိုင်ကာ အသက် ၁၈နှစ် ပြည့်ပြီးသား မည်သူမဆို ဝယ်ယူခွင့် လျှောက်ထားနိုင်ပြီး ငွေလက်ငင်း ပေးချေနိုင်သူကို ဦးစားပေး ရောင်းချသွားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

အရစ်ကျ ဝယ်ယူမည့်သူများသည် မည့်သည်ဘဏ်ဖြစ်စေ မိမိအစီအစဉ်ဖြင့် ချိတ်ဆက်ကာ ဝယ်ယူနိုင်သည်။ ထို့အပြင် မွန်ပြည်နယ်အတွင်း အိမ်ပိုင်၊ မြေပိုင် မရှိသူ ဖြစ်ရမည်ဟု ၎င်းက ပြောသည်။

နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားမယူမီ ၅နှစ်အတွင်း နှင့် အငြိမ်းစားယူပြီး ၃နှစ် ရှိသူကို ဦးစားပေး ရောင်းချမည်ဖြစ်ပြီး တိုက်ခန်း ဝယ်ယူခွင့် ရသူများအနေဖြင့် မြေသည် အစိုးရပိုင်မြေဖြစ်သောကြောင့် ဌာနက သတ်မှတ်ထားသော မြေခွန်ကို နှစ်စဉ် နှစ်တိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဗညားဒလ တန်ဖိုးသင့်အိမ်ရာသည် လေးခန်းတွဲ လေးထပ်တိုက် ၁၆လုံး၊ အခန်းပေါင်း ၂၄ဝခန်း ရှိသော အိမ်ရာဖြစ်သော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တိုက် နှစ်လုံးကို ချန်လှပ်ကာ တိုက် ၁၄လုံး အခန်းပေါင်း ၂၂၄ခန်းကို ရောင်းချပေးသွားမှာဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

အိမ်ရာဝင်းအတွင်း သာယာလှပစေရေးအတွက် အိမ်ရာသာယာရေးကော်မတီကို ဖွဲ့စည်းပေးသွားမည်ဖြစ်ပြီး နေထိုင်သူများအနေဖြင့် ကော်မတီမှ သတ်မှတ်ထားသော ဗညားဒလအိမ်ရာဝင်း သာယာလှပရေး ရန်ပုံငွေကို ပေးဆောင်ရမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

အိမ်ရာကို ရောင်းချရာတွင် အမှန်တကယ်လိုအပ်နေသူများနှင့် ပင်စင်များကို ဦးစားပေး စိစစ် ပေးစေလိုသည်ဟု မော်လမြိုင်မြို့ခံ ဦးကိုကိုအောင်က အကြံပြုပြောကြားသည်။

“အိမ်ရာကို ရောင်းပေးတော့မယ်ဆိုတော့ ကောင်းပါတယ်၊ ရောင်းမယ်လို့ ကြားတာလည်း ကြာပြီလေ၊ အငြိမ်းစားတွေအတွက်ကျတော့ နှစ်ကြာတဲ့ ပင်စင်စားတွေအတွက်တော့ မရနိုင်ဘူးလို့ မြင်တာပေါ့နော်”ဟု ၎င်းက ပြောကြားသည်။

ထိုက်ထိုက်

Advertisements

Leave a Reply