Advertisements

ကျိုက်ထီးရိုးတောင်အောက်ရှိ အမှိုက်များကို ဆယ်ယူရန် ဂေါပကအဖွဲ့ကို ဝန်ကြီးချုပ်ညွှန်ကြား

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့ မတ်လ ၈ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။(ဓာတ်ပုံ - မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး လူမှုကွန်ရက် စာမျက်နှာ)

မော်လမြိုင် မတ်

ကျိုက်ထီးရိုးတောင်ပေါ်မှ တောင်အောက်သို့ နှစ်ပေါင်းများစွာ စွန့်ပစ်ခဲ့သော အမှိုက်များကို ပြန်လည်ဆယ်ယူရန်အတွက် ကျိုက်ထီးရိုးဂေါပကအဖွဲ့အား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ညွှန်ကြားခဲ့သည်။

မတ်လ ၁၄ရက်၊ မွန်ပြည်နယ်အစိုးရရုံး၊ အောင်ဆန်းခန်းမတွင် ပြုလုပ်သော ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ထီးရိုးဘုရားရင်ပြင်တော် အနီးပတ်ဝန်းကျင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လေ့လာဆန်းစစ်ချက် ဆွေးနွေးပွဲ၌ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“ကျိုက်ထီးရိုးတောင်တော် ဂေါပကအဖွဲ့အနေနဲ့ လက်ရှိ စွန့်ပစ်ထားတဲ့အမှိုက်တွေရော၊ တောင်အောက်မှာရှိတဲ့ အရင်နှစ်တွေက စွန့်ပစ်ခဲ့တဲ့အမှိုက်တွေကိုပါ ပြန်လည်ဆယ်ယူ ရှင်းလင်းပေးဖို့ ကြိုးစားလုပ်ဆောင်ပေးပါ”ဟု ၎င်းက ပြောသည်။

Advertisements

ကျိုက်ထီးရိုးတောင် အမှိုက်ကိစ္စနှင့် ပတ်သတ်ပါက နိုင်ငံသာမက ပြည်နယ်အတွက်ပါ မျက်နှာပျက်ရပြီး တောင်တော်အမှိုက်ကင်းစင်စေရန် နှင့် တောင်ပေါ်မှ တောင်အောက်သို့ ပစ်ချထားသော အမှိုက်များကို ရှင်းလင်းစေရန် အချိန်ကာလအားဖြင့် တစ်နှစ် (သို့မဟုတ်) နှစ်နှစ်ခန့် ကြာနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

လက်ရှိ စွန့်ပစ်ထားသော အမှိုက်များထက် ယခင့်ယခင်က စွန့်ပစ်ခဲ့သော အမှိုက်များကို တစ်ဖြည်းဖြည်း ဖယ်ရှားရှင်းလင်းသွားရန် ကျိုက်ထီးရိုးဂေါပကအဖွဲ့ အနေဖြင့် စီစဉ်ထားရှိကြောင်း ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“အမှိုက်ခွဲစက်က အများကြီးတော့ မခွဲနိုင်လောက်ဘူးပေါ့၊ ရင်ပြင်တော်က ထွက်တဲ့အမှိုက်တွေကတော့ နည်းတယ်၊ ထမင်းဆိုင်တန်းနဲ့ ကျီးပါးစပ်ဘက်ခြမ်းက ထွက်တဲ့အမှိုက်တွေက ပိုများတယ်၊ လက်ရှိ စွန့်ပစ်ထားတဲ့အမှိုက်တွေထက် အရင်ကစွန့်ပစ်ထားတဲ့ အောက်ကအမှိုက်တွေကို တစ်ဖြည်းဖြည်းရှင်းသွားဖို့ အစီစဉ်ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ကျိုက်ထီးရိုး ရင်ပြင်တော် နှင့် အနီးပတ်ဝန်းကျင် သန့်ရှင်းလှပစေရန်အတွက် ဂေါပကအဖွဲ့သာမက ဈေးသူ၊ ဈေးသားများအဖွဲ့၊ ဝန်ထမ်းများအဖွဲ့ နှင့် ထမင်းဆိုင်တန်းများအဖွဲ့ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မှသာ ရှင်းလင်းနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဘုရားဖူး ဧည့်သည်များမှလည်း စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ရန်အတွက် ဗီနိုင်းများ ချိတ်ဆွဲခြင်း၊ ဘေဘုတ်များ စိုက်ထူကာ အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

လက်ရှိတွင် ကျိုက်ထီးရိုးအနီးပတ်ဝန်းကျင်ကို သက်ဆိုင်ရာ ဂေါပကအဖွဲ့မှ စီမံခန့်ခွဲကာ လုပ်ကိုင်ဆောင်ရွက်နေပြီး တောင်ပေါ်၌ မြို့နယ်တစ်ခုကဲ့သို့ စနစ်ကျသော စီမံခန့်ခွဲမှုများ ရှိနေကြောင်း သိရသည်။

ထိုက်ထိုက်

Advertisements

Leave a Reply