Advertisements

ဘာသာပေါင်းစုံဆုတောင်းပွဲ မန္တလေးတွင် ပြုလုပ်

၂၀၁၉ မတ် ၂ဝ ညနေပိုင်းက ပြုလုပ်သော မန္တလေးမြို့ ဘာသာပေါင်းစုံ စုပေါင်းမေတ္တာပို့သပွဲ (ဓာတ်ပုံများ - ခင်နှင်းဝေ/Myanmar Now)

By ခင်နှင်းဝေ/Myanmar Now
21/03/2019

ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ စုပေါင်း မေတ္တာပို့သပွဲကို မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ၊ တိုင်းရင်းသား လူမျိုးစုများပြား၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊ ဒေသတွင်း အသင်းအဖွဲ့များ တက်ရောက်ကြသည်။

မန္တလေးမှ အထင်ကရ ဆရာတော်တစ်ပါး ဖြစ်သည့် မြဝတီမင်းကြီးဆရာတော်က စုပေါင်းဆုတောင်းပွဲတွင် အဓိပ္ပာယ် များစွာ ရှိသည်ဟု မိန့်ကြားသည်။

Advertisements

“တစ်ယောက်ချင်း ပို့သတဲ့ မေတ္တာထက် နှလုံးသားချင်း တိုက်ဆိုင်ပြီးတော့ တညီတညာတည်း စုပေါင်း ပို့သတဲ့ မေတ္တာက ပိုပြီးတော့ ပြင်းပြတဲ့မေတ္တာ၊ သက်ရောက်တဲ့မေတ္တာ ဖြစ်လို့ ဒီနေ့ ဆုတောင်းကြတာဖြစ်တယ်” ဟု မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသာဘိဝံသက မိန့်သည်။

ဆုတောင်းပွဲကြောင့် ညီညွတ်ရေးနှင့် မေတ္တာတရားတို့ ပိုမို အားကောင်းလာမည်ဟု မျှော်လင့်ကြောင်း ခရစ်ယာန် မက်သဒစ် ဘုန်းတော်ကြီး ဦးဇော်ဝင်းအောင်က မိန့်ကြားသည်။

“ဒီနေ့ မြန်မာပြည်မှာ နေထိုင်ကြတဲ့ လူမျိုးဘာသာတွေရဲ့ စိတ်နှလုံးသားထဲမှာ မေတ္တာတရားတွေ ခေါင်းပါးနေတယ်လို့ မြင်ပါတယ်၊ စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် ဖြစ်ဖို့ရန် လာရောက် ဆုတောင်း မေတ္တာပို့သခြင်း ဖြစ်ပါတယ်”ဟု ဦးဇော်ဝင်းအောင်က မိန့်သည်။

ဗုဒ္ဓ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗဟာအီ စသည့် ဘာသာများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်သည့် အလားတူ ငြိမ်းချမ်းရေးဆုတောင်းပွဲများကို မြို့ကြီးတချို့တွင်လည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုလဆန်းပိုင်းကလည်း အာရှတိုက်လုံးဆိုင်ရာ ဘာသာပေါင်းစုံ ညှိနှိုင်း အစည်းအဝေးတစ်ခုကို ရန်ကုန်တွင် ပြုလုပ်ခဲ့သည်။

နိုင်ငံအတွင်း ဒေသအများအပြားတွင် တည်ငြိမ်မှုပျက်ပြားသည့် အခြေအနေများ ပေါ်ပေါက်လျက်ရှိပြီး ပဋိပက္ခတချို့မှာ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာကပင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

(ဓာတ်ပုံများ – ခင်နှင်းဝေ/Myanmar Now)

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်