(အယ်ဒီတာ့အာဘော်)

လွှတ်တော်များတွင်ပါဝင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တစ်ဆင့်ချင်း လျှော့ချနိုင်ရေးနှင့်စပ်လျဉ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးများ တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ၁၁ မတ် ၂၀၁၉ ရက်က ပြုလုပ်သည့် ပူးပေါင်းကော်မတီ၏ လေးကြိမ်မြောက်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) နိုင်ငံတော်အခြေခံမူများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ လျှော့ချရေးနှင့်စပ်လျဉ်းပြီး မည်သည့်အချိန်၊ အရေအတွက် ရာခိုင်နှုန်းမည်မျှ လျှော့ချသွားမည်ဆိုသည်ကို အသေးစိတ်ကြားသိရခြင်းတော့ မရှိသေးပေ။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များနှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်၏အခြေခံမူများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ လွှတ်တော် ကိုယ်စားလှယ်များဝင်ရောက်ဆွေးနွေးခဲ့ခြင်း မရှိကြောင်းကြားသိရသည်။

သို့ဖြစ်ရာ အထက်ပါကြားသိရသည့်သတင်းများနှင့် စပ်လျဉ်းပြီး နိုင်ငံရေးလေ့လာအကဲခတ်သူအချို့၏ ကောက်ချက်အမျိုးမျိုးလည်းထွက်ပေါ်လာသည်။ NLD အစိုးရနှင့် တပ်မတော်တို့ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီးတစ်စုံတစ်ရာအတိုင်းအတာတစ်ခုအထိသဘောတူညှိနှိုင်းထားမှုများရှိနေပြီဖြစ်ကြောင်း ဆိုကြသည်။ သို့သော် ဘယ်လိုသဘောတူညှိနှိုင်းမှုများဆိုသည်ကိုတော့ မခန့်မှန်းနိုင်ပေ။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးမှာ တပ်မတော်၏ အခန်းကဏ္ဍသည် အရေးကြီးပေသည်။ ဖက်ဒရယ်ပြည်ထောင်စုမူကို တပ်မတော်ကအမျိုးသားနိုင်ငံရေးအမြင် အမြော်အမြင်ရှိရှိနှင့် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖို့လိုပေသည်။

ပြည်ထောင်စုဖွားတိုင်းရင်းသားများကလည်း ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ပူးပေါင်းပါဝင်လုပ်ဆောင်ကြရမည်ဖြစ်သည်။

ဒီမိုကရေစီနှင့် မဆီလျော်သော အခြေခံမူများကို ထုတ်နုတ်ပြင်ဆင်ပြီး တိုင်းရင်းသားပြည်သူအပေါင်း လိုလားသော အခြေခံမူများကို နိုင်ငံရေးအမြော်အမြင်ပြည့်ဝစွာဖြင့် ဆောင်ရွက်နိုင်ကြစေကြောင်း တိုက်တွန်းလိုက်ရပါသည်။ ။

အယ္ဒီတာ

၁၆ မတ် ၂၀၁၉

News Hinthar Journal, Vol.3, No.51, 18 Mar 2019

Leave a Reply