ဆွေးနွေးမှုရလဒ် ဆက်ထိန်းကြရန် AA တိုက်တွန်း

35
၂၀၁၉ မတ်လ ၂၁ ရက်က နေပြည်တော်ငြိမ်းချမ်းရေး ဆွေးနွေးပွဲရောက် ရက္ခိုင့်တပ်မတော်(AA) မှ ဗိုလ်မှူးကြီးကျော်ဟန် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

By အောင်ငြိမ်းချမ်း/ Myanmar Now

22/03/2019

တွေ့ဆုံဆွေးနွေးမှုရလဒ်များကို နှစ်ဘက်လုံးက ဆက်လက်ထိန်းသိမ်းသွားရန် အရေးကြီးကြောင်း ရက္ခိုင့်တပ်မတော် AA မှ ဗိုလ်မှူးကြီး ကျော်ဟန်က နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ပြုလုပ်သော မတ်လ ၂၁ ရက်နေ့ ဆွေးနွေးပွဲအပြီးတွင် ပြောသည်။

AA အပါအဝင် အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သည် ငြိမ်းချမ်းရေးဗဟိုဌာန တာဝန်ရှိသူတို့နှင့် တစ်နေ့တာ ဆွေးနွေးခဲ့ကြသည်။ ဤတွေ့ဆုံမှုသည် ငြိမ်းချမ်းရေးသမိုင်းတွင် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားမှုလျှော့ချရန် ဆက်လက်ဆွေးနွေးရေး၊ တစ်နိုင်ငံလုံးတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများအရေးအတွက် နှစ်ဖက်လုံးမှ အလေးထားရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ငြိမ်းချမ်းစွာဖြေရှင်းရေး၊ နှစ်ဖက်အဆုံးအဖြတ်ပေးနိုင်သည့် ခေါင်းဆောင်များနှင့် မကြာခဏဆက်လက်ဆွေးနွေးသွားနိုင်ရေးစသည့်အချက် ၅ ချက်ကို ပူးတွဲထုတ်ပြန်ခဲ့သည်။

“နှစ်ဦးနှစ်ဖက်က စေတနာမှန်မှန်နဲ့ အကောင်အထည်ဖော်ကြမယ် ဆိုရင်တော့ တိုက်ပွဲတွေက လျော့ကျဖို့ အလားအလာရှိတယ်။ ဒါမှမဟုတ်ရင်တော့ အရင်အတိုင်းပဲဖြစ်နေမယ် ” ဟု တိုက်ပွဲများ လျှော့ချရေးအချက်နှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲများအတွင်း စစ်ရှောင်စခန်း ၃၀ နှင့် စစ်ဘေးရှောင် အရေအတွက် ၁၀,၀၀၀ ထက် မနည်း ရှိလာပြီးနောက် တပ်မတော်နှင့် AA တို့အကြား တရားဝင် တွေဆုံဆွေးနွေးမှု စတင်လာခြင်းဖြစ်သည်။

ယခင်ကာလများထက် တိုးတက်မှုများရှိလာရှိလာပြီး တွေ့ဆုံမှုအတွင်း အရပ်သားပြည်သူများကို တပ်မတော်က ပစ်ခတ်မှုများ ရပ်ဆိုင်းပေးရန် တင်ပြခဲ့သည်ဟု ဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော်တည်ရှိရေးသည် AA ၏ အဓိကရည်မှန်းချက်ဖြစ်ကြောင်း AA ဘက်က အခိုင်အမာဆိုထားသည်။

ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင်လည်း ဖြစ်သည့် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက အစိုးရဘက်က ဆွေးနွေးမှုများ ဆက်လုပ်နေမည်ဖြစ်သော်လည်း အစိုးရတစ်ရပ်အနေနှင့် ဒေသတည်ငြိမ်ရေးအတွက် လုပ်သင့် လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။ လက်နက်ကိုင် ၈ ဖွဲ့ကို ၂ လ တစ်ကြိမ် တွေ့ဆုံရန် တောင်းဆိုထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“၈ ဖွဲ့လုံးနဲ့တွေ့တာ ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်တယ် သိသာထင်ရှားတဲ့ ရလဒ်တွေလည်း ရတယ်လို့ ဆိုနိုင်တယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ဆွေးနွေးပွဲသို့ NCA လက်မှတ်မထိုးရသေးသည့် ‘ဝ’ လက်နက်ကိုင်အဖွဲ့ UWSP/UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်များဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA၊ တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNTJP/MNDAA၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ PSC/NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/ AA တို့အပြင် FPNCC အဖွဲ့ဝင် မဟုတ်သည့် ကရင်နီတိုးတက်ရေးပါတီ KNPP မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

By အောင်ငြိမ်းချမ်း/ Myanmar Now

Advertisements

Leave a Reply